ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမယ့် အေဂျက်စ်ဂိုးသမားဂျာရော့စ်
ပြီးခဲ့တဲ့သောကြာနေ့လေ့ကျင့်ရေးအစီအစဉ်အတွင်း လီဗာပူးမှ အေဂျက်စ်ဆီ အငှားထွက်ကစားနေတဲ့ ဂိုးသမားဂျာရော့စ် ပြင်းထန်ဒူးဒဏ်ရာရရှိသွားခဲ့လို့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီရဲ့လက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်သွားလိမ့်မယ်လို့ အမ်စတာဒမ်အခြေစိုက်ကလပ်အသင်းမှ အတည်ပြုကြေညာပါတယ်။
အသက် ၂၄ နှစ်အရွယ်ဂျာရော့စ်က လေ့ကျင့်ရေးမှာ ပြင်းထန်ဒူးအရွတ်စုတ်ပြဲဒဏ်ရာ(ACL)ရရှိခဲ့လို့ ခွဲစိတ်ကုသမှုခံယူရဖို့ ရှိနေပြီး အခုဘောလုံးရာသီမှာ ဘောလုံးပြန်ကစားဖို့ မဖြစ်နိုင်တော့ပါဘူး။
ဂျာရော့စ်က ပြီးခဲ့တဲ့နွေရာသီ၊ လီဗာပူးမှ အငှားဖြင့်ရောက်ရှိလာပြီးနောက် အေဂျက်စ်အသင်းရဲ့အဓိကဂိုးသမားအဖြစ် ပွဲစဉ်အများစုမှာ လက်စွမ်းပြနိုင်ခဲ့ပါတယ်။ သူက အခုရာသီ၊ပြိုင်ပွဲစုံ ၂၆ ပွဲကစားကာ ပေးဂိုး ၄၂ ဂိုးကို ခွင့်ပြုပေးထားရပါတယ်။
ဂျာရော့စ်ရဲ့နေရာအတွက် အင်ဒိုနီးရှားလက်ရွေးစင်ဂိုးသမားမာတင်ပေးစ်က ပွဲထွက်ဂိုးသမားအဖြစ် အစားထိုးတာဝန်ယူသွားပါလိမ့်မယ်။ အသက် ၂၇ နှစ်အရွယ်မာတင်ပေးစ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း အမေရိကန်မေဂျာလိဂ်ကလပ် F.C Dallas မှ ရောက်ရှိလာသူ ဖြစ်ပါတယ်။
ဂျာရော့စ်က အေဂျက်စ်အသင်းအတွက် မကြာသေးခင်ရက်ပိုင်းအတွင်း ကြုံတွေ့ရတဲ့ ဒုတိယမြောက်ပြင်းထန်ဒဏ်ရာပြဿနာ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်၊ ဖော်ကျူနာဆစ်တပ်ကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း အာဆင်နယ်နောက်ခံလူဟောင်းဇင်ချန်ကိုလည်း ဒူးဒဏ်ရာရရှိခဲ့လို့ ရာသီကုန်အထိ အနားယူရမယ်လို့ သိရပါတယ်။