မန်စီးတီးအတွက် ဘောလုံးရာသီတစ်ခုစတင်ပြီလို့ ကြွေးကြော်ခဲ့တဲ့ ပက်ဂွါဒီယိုလာ
အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်ကို အမီလိုက်နိုင်ဖို့ ကြိုးစားနေတဲ့ မန်စီးတီးအတွက် ဘောလုံးရာသီစတင်ပြီလို့ ပက်ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။ အခုသီတင်းပတ်ကုန်ကာလအတွင်း မန်စီးတီးက နယူးကာဆယ်ကို စိန့်ဂျိမ်းပတ်ခ်မှာ ရင်ဆိုင်ရဖို့ရှိသလို အာဆင်နယ်ကလည်း တော့တင်ဟမ်နဲ့ မြောက်လန်ဒန်ဒါဘီကို ဆင်နွှဲသွားရပါမယ်။ အမှတ်ပေးဇယားထိပ်ဆုံးအသင်းနှစ်ခုအကြား ရမှတ်ကွာဟမှုကျဉ်းမြောင်းလာချိန် အခုသီတင်းပတ်ကာလဟာ ချန်ပီယံဆုပြေးလမ်းကိုပုံဖော်ရာမှာ အရေးပါလာလိမ့်မယ်လို့ ပက်ဂွါဒီယိုလာ ယုံကြည်နေပါတယ်။
သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက “ ဘောလုံးရာသီတစ်ခုမှာ အပိုင်းနှစ်ပိုင်း ရှိပါတယ်။ နွေရာသီအပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းပြီးချိန်နဲ့ နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်လွန်မြောက်လာချိန်တို့ ဖြစ်ပါတယ်။ အခုတော့ နိုဝင်ဘာနိုင်ငံတကာသီတင်းပတ် ပြီးဆုံးသွားပါပြီ။ ဆိုတော့ မတ်လအထိ သုံးရက်တစ်ပွဲနှုန်း ကစားရပါတော့မယ်။ အခုမှ ဘောလုံးရာသီအစစ်အမှန် စတင်တာပါ”လို့ ဆိုပါတယ်။
ဆက်လက်ပြီး ပက်ဂွါဒီယိုလာက အာဆင်နယ်ရဲ့စွမ်းဆောင်ရည်ပိုင်းတည်ငြိမ်မှုကို လေးစားအားကျမိပြီး အာတီတာရဲ့အသင်းဟာ အမှတ်တွေ အများကြီးဆုံးရှုံးမှာမဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။ ဒီကိစ္စကြောင့် စိန့်ဂျိမ်းစ်ပတ်ခ်ခရီးစဉ်ရှိနေတဲ့ မန်စီးတီးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ်ဆိုတဲ့အချက်ကိုတော့ စပိန်သားနည်းပြက ငြင်းဆန်သွားပါတယ်။
မန်စီးတီးနည်းပြက “ အာဆင်နယ်က အပြစ်အနာအဆာကင်းလွန်းပါတယ်။ လီဗာပူးနဲ့ယှဉ်ပြိုင်ရချိန်မှာလည်း အလားတူခံစားချက်မျိုး ရှိခဲ့ပါတယ်။ သူတို့တွေ အမှတ်အများကြီးဆုံးရှုံးမှာမဟုတ်ပါဘူး။ ဒါကြောင့် သူတို့ကို အမီလိုက်နိုင်ဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ အနောက်မှာရှိနေတဲ့အသင်းတွေက မယုံကြည်နိုင်အောင်လောက်အောင် ဖိအားပေးသွားရပါမယ်”လို့ ပြောပါတယ်။
အခုလိုအရေးတကြီးအခြေအနေတွေ ဖြစ်ပေါ်နေပေမယ့် ပက်ဂွါဒီယိုလာကတော့ ချန်ပီယံဆုအတွက် ပုံဖော်ဖို့ တည်တည်ငြိမ်ငြိမ်ရှိနေခဲ့ပါတယ်။ သူက “ အခုမှ နိုဝင်ဘာလထဲမှာပဲ ရှိနေပါသေးတယ်။ ဘာမှ မသတ်မှတ်ရသေးပါဘူး။ ဖေဖော်ဝါရီလ၊ မတ်လလောက်ဆိုရင်တော့ အတော်လေးကွာခြားသွားပါပြီ။ ဒါပေမဲ့ အခုအချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့နီးနီးစပ်စပ်ရှိနေဖို့ အရေးကြီးပါတယ်။ မနက်ဖြန်နိုင်ပွဲက အရေးကြီးခြေလှမ်းတစ်ခု ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။