ကြွက်သားဒဏ်ရာကြောင့် အနည်းဆုံးလေးပတ်လောက်နားရမယ့် မာဂယ်ဟေးစ်
ဘရာဇီးနဲ့ အာဆင်နယ်ခံစစ်မှူး ဂါဘရီယယ်မာဂယ်ဟေးစ်ဟာ ကြွက်သားဒဏ်ရာကြောင့် အနည်းဆုံး လေးပတ်လောက် အနားယူရတော့မှာဖြစ်ကြောင်း BBCက ဖော်ပြခဲ့ပါတယ်။အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ ဆီနီဂေါအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
မာဂယ်ဟေးစ်ဟာ ဘရာဇီးလ်အသင်းလေ့ကျင့်ရေးစခန်းကနေ ထွက်ခွာပြီး နောက်ထပ်ကုသမှုခံယူဖို့အတွက် အာဆင်နယ်အသင်းဆီ ပြန်သွားခဲ့ပါတယ်။ မာဂယ်ဟေးစ်ရဲ့ ဒဏ်ရာအခြေအနေက နိုင်ငံတကာပွဲစဉ်တွေ ပြီးဆုံးပြီးနောက် မြောက်လန်ဒန်ဒါဘီပြိုင်ဘက် တော့တင်ဟမ်နဲ့ ယှဉ်ပြိုင်ရမယ့် အာဆင်နယ်အသင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။
ဆာလီဘာနဲ့အတူ တောင့်တင်းတဲ့ ခံစစ်အတွဲအဖက်ကို တည်ဆောက်ထားတဲ့ မာဂယ်ဟေးစ်ကြောင့် အာဆင်နယ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ ၅ ဂိုးသာ ပေးထားရပါတယ်။ နည်းပြ မီကယ်အာတီတာအနေနဲ့ မာဂယ်ဟေးစ်နေရာမှာ ဘယ်သူ့ကို အစားထိုးမလဲဆိုတာ စဉ်းစားရတော့မှာဖြစ်ပြီး ပီယာရိုဟင်ကာပီယာနဲ့ ခရစ်စတီယန်မော့စကွီရာတို့ကြား ရွေးချယ်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်မှာ မာဂယ်ဟေးစ်အပြင် အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်၊ နိုနီမာဒူကီ၊ ဂါဘရီယယ်မာတင်နယ်လီ၊ ကိုင်ဟာဗက်ဇ်နဲ့ ဗစ်တာယောကရက်စ်တို့လည်း ဒဏ်ရာအသီးသီးကြောင့် အနားယူနေရပါတယ်။