စပိန်ကိုသရေကစားကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-off အဆင့်ဆီ တက်ရောက်လာတဲ့ တူရကီ
တူရကီလက်ရွေးစင်အသင်းက ဥရောပအင်အားကြီးစပိန်အသင်းကို တစ်ဖက်နှစ်ဂိုးစီသရေကစားပြီး ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)၊ အုပ်စု(E)မှာ ဒုတိယနေရာရယူကာ Play-off အဆင့်ဆီ တက်ရောက်နိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ စပိန်အသင်းကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ပါဝင်ခွင့် ရရှိခဲ့ပါတယ်။
စပိန်နိုင်ငံ၊ ဆီးဗီးလ်မြို့ရှိ La Cartuja အားကစားကွင်းမှာကစားခဲ့တဲ့ပွဲစဉ်အတွင်း အိမ်ရှင်တွေအတွက် ပွဲအစလေးမိနစ်မှာပဲ ဒါနီအိုလ်မိုက ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းပွဲချိန်ပြီးဆုံးခါနီးမှာ ဒန်းနစ်ဂူးလ်ရဲ့ဂိုးဖြင့် တူရကီတို့ ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန် ၅၄ မိနစ်မှာတော့ အော့ဇ်ကန်ရဲ့အဝေးကန်ချက်သွင်းဂိုးဖြင့် တူရကီတို့ ပွဲစဉ်ကို ပြန်လည်ဦးဆောင်လာခဲ့ပြီး စပိန်အတွက် အိုရာဇာဘယ်လ်ရဲ့ ပွဲချိန် ၆၂ မိနစ်ချေပဂိုးကြောင့် တစ်ဖက်နှစ်ဂိုးစီသရေရလဒ်နဲ့အတူ ပွဲချိန်ကုန်ဆုံးခဲ့ပါတယ်။
တူရကီအသင်းရဲ့သွင်းဂိုးတွေက အခုကမ္ဘာ့ဖလားခြေစစ်ပွဲခရီးစဉ်အတွင်း စပိန်အသင်းခွင့်ပြုပေးရတဲ့ ပထမဆုံးပေးဂိုးတွေ ဖြစ်လာခဲ့ပြီး အခုပွဲစဉ်ရလဒ်ပိုင်းကလည်း စပိန်အတွက် ပထမဆုံးသရေပွဲစဉ် ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-off အဆင့်မှာ တူရကီက ဆွီဒင်၊ ရိုမေးနီးယား၊ မြောက်မက်ဆီဒိုးနီးယား(သို့)မြောက်အိုင်ယာလန်တို့နဲ့ ရင်ဆိုင်သွားရပါမယ်။