The network connection is lost.

Banner Image

လီဗာပူးကစားသမားဘဝကာလတွေမှာ မိုဆာလက်နဲ့ဆက်ဆံရေး ဘယ်လိုရှိသလဲဆိုတာ ဖွင့်ဟလာတဲ့ မာနေး

လီဗာပူးတိုက်စစ်မှူးဟောင်းမာနေးက မိုဆာလက်နဲ့သူ့အကြား ရှိခဲ့ဖူးတဲ့ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုအကြောင်းကို ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်နာဆာအတွက် ကစားပေးနေတဲ့ အသက်-၃၃ နှစ်အရွယ်တိုက်စစ်မှူးက အခုသီတင်းပတ်အတွင်း ရီယိုဖာဒီနန်တင်ဆက်တဲ့ Podcast အစီအစဉ်မှာ သူနဲ့ မိုဆာလက်အကြား လီဗာပူးအတွက် အကျိုးရှိစေမယ့် ဆက်ဆံရေးတစ်ခုသာ ရှိခဲ့ပါတယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဆီနီဂေါလက်ရွေးစင်ကစားသမားက ၂၀၁၉ ခုနှစ်၊ ဘန်လေနဲ့ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်အတွင်း ဖြစ်ရပ်တစ်ခုအတွက် မိုဆာလက်ကို ဒေါသူပုန်ထခဲ့တယ်လို့ ရှင်းပြပါတယ်။ အဲ့ဒီပွဲစဉ်မှာ မာနေးကိုယ်တိုင် ဂိုးသွင်းယူနိုင်မယ့်အပိုင်အခွင့်အရေးတစ်ခုအတွက် မိုဆာလက်ဘောလုံးမပေးပို့ခဲ့လို့ ဆီနီဂေါသား အကြီးအကျယ်စိတ်ဆိုးဒေါသထွက်ခဲ့ပါတယ်။ လူစားလဲလှယ်ပြီးချိန်မှာတောင် မာနေးရဲ့ဒေါသအရှိန်အဟုန်မပြေသေးလို့ အသင်းဖော်နဲ့ ဝါရင့်ကစားသမား ဂျိမ်းစ်မီလ်နာကိုယ်တိုင် ဖြောင်းဖျပေးခဲ့ပါတယ်။ နောက်ပိုင်းမှာပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာလည်း တိုက်စစ်မှူးဖာမီနိုက မာနေးနဲ့ မိုဆာလက်အကြား အပြုံးပန်းတစ်ပွင့်နဲ့အတူ အသင်းအဝတ်လဲခန်းဆီ လမ်းလျှောက်ဝင်ရောက်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။

မာနေးက သူတို့အသင်းဖော်တွေအကြား ဆက်ဆံရေးနဲ့ ဘန်လေနဲ့ပွဲစဉ်အတွင်း ဆိုးရွာတဲ့အဲ့ဒီအဖြစ်အပျက်အကြောင်းကို အခုလိုပဲ ရှင်းပြသွားခဲ့ပါတယ်။ မာနေးက “ ကျွန်တော်တို့အကြားမှာ ပြိုင်ဆိုင်မှုရှိခဲ့တယ်လို့ပဲ လူတိုင်းပြောကြပါတယ်။ ဒါပေမဲ့ ဒီပြိုင်ဆိုင်မှုက ဆိုးရွားတဲ့အရာတစ်ခုလို့  ကျွန်တော်မယူဆပါဘူး။ ကျွန်တော်က ခပ်အေးအေးပဲနေတတ်သူပါ။ ဒါပေမဲ့ အသင်းဖော်တိုင်းနဲ့တော့ ခင်မင်ရင်နှီးပါတယ်။ မိုဆာလက်ကိုလည်း ခင်မင်စရာကောင်းသူလို့ပဲ ထင်ပါတယ်။ ဒါပေမဲ့ ကွင်းထဲမှာတော့ ခင်ဗျားတို့ မြင်တဲ့အတိုင်းပါပဲ။ တခါတလေ သူက ကျွန်တော့်ဆီ ဘောလုံးပေးလေ့ရှိပေမယ့် တခါတလေကျတော့လည်း မပေးပြန်ပါဘူး။ ဖာမီနိုတစ်ယောက်ပဲ ဘောလုံးဖြန့်ပေးဖို့ တာဝန်ယူခဲ့ပါတယ်။

ဘန်လေနဲ့ပွဲစဉ်မှာ အဖြစ်အပျက်တစ်ခုကို ကျွန်တော် ကောင်းကောင်းမှတ်မိနေပါသေးတယ်။ မိုဆာလက်ကိုယ်တိုင် ကျွန်တော့်ဆီ ဘောလုံးပေးကိုပေးရမယ့်အချိန်မှာ ဘောလုံးမပေးခဲ့လို့ ကျွန်တော် ဒေါသူပုန်ထခဲ့ပါတယ်။ နောက်ရက်ကျတော့ ကျွန်တော့်ဆီ သူလာပါတယ်။ ကျွန်တော့်နဲ့စကားပြောချင်ပေမယ့် ဘယ်လိုပြောရမလဲဆိုတာ သူမသိခဲ့ပါဘူး။ ဘောလုံးပွဲပြီးတော့ ကျွန်တော်တို့အားလုံး ကိုယ့်အိမ်ကိုယ်ပြန်သွားလို့ ကျွန်တော်စိတ်ဆိုးနေတုန်းပဲလို့ သူတွေးနေခဲ့ပါတယ်။

အဲ့ဒီအချိန်မှာပဲ မိုဆာလက်က ‘ငါတို့တွေ စကားပြောလို့ရမလား’လို့ ဖွင့်ဟလာပါတယ်။ ကျွန်တော်လည်း ‘အိုကေ၊ ပြဿနာမရှိဘူး၊ ပြောကြာတာပေါ့’လို့ တုံ့ပြန်လိုက်ပါတယ်။ ပြီးတော့ သူက ‘ ငါ မင်းကို ဘောလုံးမပေးချင်ဘူးလို့ မင်းထင်နေတယ်မလား? ငါ ဂိုးမသွင်းနိုင်ခဲ့ဘူး၊ ဖာမီနို ဂိုးသွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ငါ ဘောလုံးရသွားချိန် မင်းကို မမြင်မိလိုက်ဘူး။ ဘောလုံးကို ငါကိုယ်တိုင်ပဲ ကန်သွင်းချင်ခဲ့တယ်။ ဒါပေမဲ့ မင်းကိုတော့ ငါ မကန့်ကွက်ပါဘူး။ ဒါပေမဲ့ အရိုးသားဆုံးပြောရရင် ငါသာ မင်းကိုတွေ့လိုက်ရင် သေချာပေါက် ဘောလုံးပေးမှာပါ’လို့ ပြောပါတယ်။

ကျွန်တော်ကလည်း ‘ဟာ.. မဟုတ်ပါဘူး၊ မစိုးရိမ်ပါနဲ့။ ပြီးတာတွေလည်း ပြီးသွားပါပြီ။ မင်းရဲ့အရည်အသွေးနဲ့ဆိုရင် ငါ့ဆီ ဘောလုံးပေးနိုင်တယ်ဆိုပြီး ငါ ဒေါသထွက်ခဲ့တာပါ’လို့ ပြန်ပြောခဲ့ပါတယ်။ ကျွန်တော့်အမြင်… အဲ့ဒီအခိုက်အတန့်ပြီးသွားကတည်းက ကျွန်တော်တို့တွေ ပိုရင်းနှီးလာပါတယ်။ တခါတလေတော့ ဖြစ်တတ်ပါတယ်။ ကျွန်တော့်အတွက်တော့ ပုဂ္ဂိုလ်ရေးကိစ္စ မဟုတ်ပါဘူး။ မိုဆာလက်ကိုယ်တိုင်လည်း တစ်ဂိုးပြီးတစ်ဂိုး သွင်းယူချင်ပါတယ်။ ပြီးတော့ ကျွန်တော်လည်း သူ့ဆီ ‘မိုဆာလက်ရေ၊ မင်းက ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ချင်တယ်ဆိုတာ သိထားလို့ ငါ မင်းကို အကူအညီတွေ အများကြီးပေးနိုင်တယ်။ ငါ့အတွက် ဒီပြဿနာလည်း မရှိတော့လို့ မင်းကို အကူအညီတွေ အများကြီးပေးနိုင်တယ်။ ငါ မင်းကို အများကြီးကူညီပေးမှာပါ’လို့ ပြန်ပြောလိုက်ပါတယ်”လို့ ရှင်းပြပါတယ်။