The network connection is lost.

Banner Image

ဘောလုံးလောကမှအနားယူကြောင်း ကြေညာလာတဲ့ မန်စီးတီးဂန္ထဝင် ဖာနန်ဒင်ဟို

မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်ဂန္ထဝင်ကစားသမားဟောင်း ဖာနန်ဒင်ဟိုဟာ ယခုအပတ်တွင်းမှာပဲ ပရော်ဖက်ရှင်နယ်ဘောလုံးလောကမှ အနားယူပြီဖြစ်ကြောင်း တရားဝင်ကြေညာလာခဲ့ပါတယ်။ ဖာနန်ဒင်ဟိုရဲ့ကြေညာချက်နဲ့အတူ ဘောလုံးပရိသတ်တွေအနေနဲ့ လက်ရှိခေတ်သစ်ဘောလုံးလောကရဲ့ အအောင်မြင်ဆုံးနဲ့ လေးစားစရာအကောင်းဆုံး ကစားသမားတွေထဲမှ တစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီဖြစ်ပြီး ဖာနန်ဒင်ဟိုဟာ မန်စီးတီးရဲ့ အကောင်းဆုံးကွင်းလယ်လူတွေထဲမှ တစ်ဦးအဖြစ်လည်း သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။ 

ဖာနန်ဒင်ဟိုဟာ ၂၀၂၂ ခုနှစ်မှာ မန်စီးတီးမှထွက်ခွာလာခဲ့ပြီး သူ့ရဲ့ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားဘဝစတင်ခဲ့ရာ ဘရာဇီးကလပ် အက်သလက်တီကိုပါရာနန့်စ်သို့ ပြန်သွားခဲ့ကာ ကစားသမားဘဝရှေ့ဆက်ခဲ့ပါတယ်။ သို့သော်လည် ဘရာဇီးသားဟာ အသင်းမှာနေရာရဖို့ ရုန်းကန်လာရတာကြောင့် ယခုအခါ အသက်-၄၀ အရွယ်မှာပဲ ဘောလုံးလောကမှအနားယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

ဖာနန်ဒင်ဟိုဟာ မန်နူရယ်ပယ်လီဂရီနီနဲ့ ပက်ဂွါဒီယိုလာတို့လက်အောက် မန်စီးတီးမှာ ၉ နှစ်ကြာနေထိုင်ခဲ့ပြီး နည်းစနစ်ပိုင်းဆိုင်ရာနဲ့ ထူးခြားတဲ့ကစားကွက်ထိန်းချုပ်မှုဆိုင်ရာ အရည်အချင်းတွေကြောင့် အသင်းရဲ့ အဓိကအသက်သွေးကြော ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။ ဘရာဇီးလက်ရွေးစင်ဟောင်းဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ လိဂ်ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးခဲ့ကာ ကလပ်သမိုင်းတစ်လျှောက် ဆုဖလားအများဆုံးရ ကစားသမားတစ်ယောက်အနေနဲ့ ဂုဏ်ပြုခံထားရပါတယ်။

၂၀၁၃ ခုနှစ်မှာ ရှက်တာဒိုးနက်မှ မန်စီးတီးသို့စတင်ပြောင်းရွှေ့လာခဲ့တဲ့ ဖာနန်ဒင်ဟိုဟာ အသင်းအတွက် စုစုပေါင်း ၃၈၃ ပွဲကစားခဲ့ပြီး ၂၅၈ ပွဲအထိအနိုင်ရခဲ့ကာ ၂၆ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့မန်စီးတီးကစားသမားဘဝ နောက်ဆုံးရာသီတွေမှာ ဖာနန်ဒင်ဟိုဟာ အသင်းခေါင်းဆောင်တစ်ဦးအဖြစ် ဂွါဒီယိုလာနဲ့ လက်တွဲနိုင်ခဲ့ပါတယ်။ 

ယခုတစ်ပတ်အတွင်း အင်တာဗျူးတစ်ခုမှာ ဖာနန်ဒင်ဟိုက "ကျွန်တော် တော်တော်လေးပင်ပန်းနေပါပြီ။ ဒီနေ့ မိနစ် ၃၀ ကျော်လောက်ပဲပြေးရသေးတယ်။ အရမ်းမောနေပါတယ်။ ဘောလုံးလောကမှာ ကျွန်တော့်ကိုစိတ်အားထက်သန်စေမယ့်အရာ ဘာမှမရှိတော့ပါဘူး။ ကျွန်တော်လုပ်နိုင်သမျှအားလုံးကို အောင်မြင်ပြီးပါပြီ။ အခုချိန်က မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေရမယ့်အချိန်ပါ" လို့ပြောကြားခဲ့ပါတယ်။

ဘောလုံးလောကမှအနားယူကြောင်း ကြေညာပြီးနောက် ဖာနန်ဒင်ဟိုအနေနဲ့ နည်းပြတစ်ယောက်အဖြစ် ဆက်လက်အသက်မွေးသွားမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဘရာဇီးသားဟာ ပက်ဂွါဒီယိုလာနဲ့ ပယ်လီဂရီနီတို့လို နည်းပြတွေနဲ့လက်တွဲခဲ့ဖူးတာကြောင့် နည်းပြတစ်ယောက်အနေနဲ့လည်း အောင်မြင်မှုတွေဆက်လက်ရယူနိုင်ဖို့ အရည်အသွေးရှိနေနိုင်ပါတယ်။