The network connection is lost.

Banner Image

ပေါင်ဒဏ်ရာကြောင့် မာဂယ်ဟေးစ် သီတင်းပတ်အတော်ကြာ အနားယူရမယ်လို့ အာတီတာအတည်ပြု

အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်မာဂယ်ဟေးစ်ဟာ နိုင်ငံတကာပွဲစဉ်မှာ ပေါင်ဒဏ်ရာရရှိခဲ့ပြီးနောက် သီတင်းပတ်အတော်ကြာ အနားယူရတော့မယ်လို့ နည်းပြ မီကယ် အာတီတာက အတည်ပြုပြောကြားခဲ့ပါတယ်။ ဘရာဇီးခံစစ်မှူးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမ်းမရိတ်ကွင်းမှာကစားခဲ့တဲ့ ဆီနီဂေါနဲ့ခြေစမ်းပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး သုံးရက်အကြာမှာကစားခဲ့တဲ့ တူနီးရှားနဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ အာဆင်နယ်အတွက် အကောင်းဆုံးခြေစွမ်းပြနေပြီး ဒီနှစ်ရာသီ ပရီးမီးယားလိဂ် ၅ ဂိုးသာပေးထားရတဲ့ ခံစစ်မှာ အဓိကနေရာက ပါဝင်နေပါတယ်။ အာတီတာက"ဂါဘီက သီတင်းပတ်အတော်ကြာ အနားယူရပါလိမ့်မယ်" လို့  ပြောပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာ နောက်ထပ် scan ဖတ်စစ်ဆေးမှုပြုလုပ်ပြီးမှ ဘယ်လောက်ကြာကြာအနားယူရမလဲဆိုတာ အတိအကျသိရမယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အာတီတာက"ဒါဟာ သေချာပေါက် ထိုးနှက်ချက်တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့ခံစစ်ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်နေလို့ပါ။ ကျွန်တော့်အတွက်တော့ ဒါက ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ကောင်းတာတစ်ခုကတော့ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ ရွေးချယ်စရာတွေရှိနေပြီး အခုအချိန်မှာ တခြားကစားသမားတွေက တာဝန်ယူလုပ်ဆောင်ရပါလိမ့်မယ်"လို့ ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ မနက်ဖြန်ညမှာ စူပါဆန်းဒေးပွဲစဉ်အဖြစ် တော့တင်ဟမ်နဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ကစားရမှာ ဖြစ်ပါတယ်။