
အက်ဖ်အေဖလားစတုတ္ထအဆင့်မှာ အနိုင်ရရုံနဲ့ ဖာဂူဆန်လက်ထက်ကယူနိုက်တက်ပြန်မဖြစ်ဘူးလို့ ဆိုလာတဲ့ အာမိုရင်
ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်မှာ ဟယ်ရီမက်ဂွါရီရဲ့နောက်ကျသွင်းဂိုးနဲ့အတူ လက်စတာကို ၂-၁ နဲ့အနိုင်ရရှိခဲ့ပြီးနောက် နည်းပြရူဘင်အာမိုရင်က အခုလိုနိုင်ပွဲရရုံနဲ့ အသင်းဟာ ဆာအဲလက်စ်ဖာဂူဆန်လက်ထက်က ယူနိုက်တက်ပြန်မဖြစ်ဘူးလို့ ပြောကြားလာခဲ့ပါတယ်။
အခုလို လက်စတာကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပရိသတ်တွေအနေနဲ့ နောက်ဆုံးချိန်အထိ အရှုံးမပေးတတ်တဲ့ ဖာဂူဆန်လက်ထက်က ယူနိုက်တက်ကို ပြန်လည်ခံစားမိစေနိုင်ခဲ့ပေမယ့် အာမိုရင်က “ကျွန်တော်တို့ အဆုံးထိ တိုက်ပွဲဝင်ခဲ့ပေမယ့် ဒီနိုင်ပွဲလေးကြောင့် ကျွန်တော်တို့အသင်းက ဖာဂီလက်ထက် ယူနိုက်တက်ပြန်မဖြစ်နိုင်ပါဘူး။ ဘောလုံးကိုင်ထားတဲ့အချိန်မှာရော၊ ဘောလုံးမကိုင်နိုင်တဲ့အချိန်မှာပါ ကျွန်တော်တို့ယုံကြည်မှုရှိနေဖို့လိုပါတယ်”
“ပွဲအစမှာတော့ အသင်းက စွမ်းရည်အပြည့်မရှိခဲ့ပါဘူး။ ပထမပိုင်းမှာ ညံ့ဖျင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အသင်းကပိုကောင်းလာခဲ့ပြီး ကစားပုံလည်းပိုသွက်လာပါတယ်။ ဘောလုံးကိုလည်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဆုံးမှာ ကောင်းမွန်တဲ့ရလဒ်တစ်ခုရရှိခဲ့ပေမယ့် ကောင်းမွန်တဲ့စွမ်းဆောင်ရည်တော့ မဟုတ်ခဲ့ပါဘူး”
“ဒီအတွက် နည်းပြမှာပဲ တာဝန်ရှိပါတယ်။ အသင်းက တိုးတက်မလာရင်၊ တသမတ်တည်းဖြစ်တဲ့ ခြေစွမ်းမျိုးကို မထိန်းသိမ်းနိုင်ရင် ကျွန်တော့်တာဝန်ပါပဲ။ လာမယ့်ပွဲစဉ်မှာတော့ အခုထက်ပိုကောင်းတဲ့ခြေစွမ်းမျိုးပြသနိုင်ဖို့ ကြိုးစားသွားပါမယ်”လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ပထမပိုင်းအတွက် ဂိုးပေါက်ကန်သွင်းခွင့်တစ်ကြိမ်တောင်မရခဲ့သလို၊ အခွင့်အရေးကောင်းတွေလည်း ဖန်တီးနိုင်ခဲ့ခြင်းမရှိပါဘူး။ သို့သော်လည်း ဒုတိယပိုင်းမှာတော့ ဂျိုရှူးဝါးဇက်ခ်ဇီနဲ့ ဟယ်ရီမက်ဂွါရီတို့က ဂိုးတွေကိုယ်စီသွင်းယူပြီး နိုင်ပွဲရရှိစေခဲ့ပါတယ်။ ဆက်လက်ပြီး အာမိုရင်က “ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး အထူးသဖြင့် အိမ်ကွင်းမှာရုန်းကန်ခဲ့ရပါတယ်။ ဘောလုံးထိန်းချုပ်နိုင်ဖို့ ခက်ခဲခဲ့တာက သေးငယ်တဲ့အချက်အလက်ဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ ကြီးမားတဲ့ အချက်အလက်တစ်ခုလည်းဖြစ်ပါတယ်။ လာမယ့်ပွဲမှာ ဒီအချက်ကိုပြင်ဆင်သွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။