အိုးထရက်ဖို့ဒ်က ကမ္ဘာပေါ်မှာ တခြားဘယ်ကွင်းနဲ့မှ မတူဘူးလို့ ဆိုလာတဲ့ ဇက်ဇီ
ဂျော့ရှ်ဇက်ဇီက သူဟာ အိုးထရက်ဖို့ဒ်မှာ ကစားရတာကို တကယ်နှစ်သက်ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ အခုရာသီဟာ ဇက်ဇီအတွက် မန်ချက်စတာယူနိုက်တက် ကစားသမားဘဝ နောက်ဆုံးရာသီ ဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ အများကြီး ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ အိုးထရက်ဖို့ဒ်ရဲ့ ပရိသတ်အားပေးမှု လေထုနဲ့ ပတ်သက်ပြီး နယ်သာလန် တိုက်စစ်မှူးက "ဒါမျိုးနဲ့ တူတာ ဘယ်နေရာမှ မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်" လို့ manutd.com ကို ပြောကြားခဲ့ပါတယ်။
"ပွဲမစခင်မှာ ပရိသတ်တွေက 'United Road' သီချင်းကို စပြီး သီဆိုကြပြီဆိုရင် ကိုယ်က ပွဲကစားနေရင်းတောင် တစ်ခါတလေ ဘေးပတ်ပတ်လည်ကို ဝေ့ကြည့်မိပြီး 'ဟာ... ငါ တကယ်ပဲ အိုးထရက်ဖို့ဒ်မှာ ကစားနေတာပါလား' ဆိုပြီး အံ့ဩမိတာမျိုးပါ။ ဒါက တကယ်ကို ထူးခြားပြီး ကိုယ်တိုင် ခံစားရတာမျိုးပါ။ ရှင်းပြဖို့ ခက်ပေမဲ့ ကွင်းကြီးရဲ့ သမိုင်းကြောင်းတွေ၊ ဒီကလပ်မှာ ရှိခဲ့ဖူးတဲ့ ကစားသမားကောင်းတွေနဲ့အတူ ကွင်းထဲမှာ လွှမ်းမိုးနေတဲ့ စွမ်းအင်တစ်ခု၊ ထူးခြားတဲ့ အငွေ့အသက်တစ်ခုလို ခံစားရပါတယ်" လို့ ၎င်းက ဆိုပါတယ်။
သူက ဆက်လက်ပြီး "ကျွန်တော် ပြောနိုင်တဲ့ တစ်ခုတည်းသော အချက်ကတော့ ဒီပရိသတ်တွေရှေ့ကို ကွင်းထဲ ထွက်လာနိုင်တဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် တကယ်ကို ကျေးဇူးတင်မိတာပါပဲ။ ဒီကွင်းကြီးနဲ့ ပရိသတ်တွေက တကယ်ကို မယုံနိုင်စရာပါပဲ။ ကမ္ဘာပေါ်မှာ ဒီလိုမျိုး တခြား ဘယ်နေရာမှ မရှိနိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။