ယူနိုက်တက်အသင်းခေါင်းဆောင်ရာထူး ဆုံးရှုံးခဲ့ရခြင်းနဲ့ပတ်သက်ပြီး ဖွင့်ဟလာတဲ့ မက်ဂွါရီ
မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဟာရီမက်ဂွါရီက အသင်းရဲ့ ခေါင်းဆောင်လက်ပတ်ကို လက်လွှတ်ခဲ့ရတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ မက်ဂွါရီဟာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှာ လက်စတာစီးတီးကနေ ပေါင် ၈၀ သန်းနဲ့ ပြောင်းရွှေ့လာပြီး လအနည်းငယ်အကြာမှာပဲ နည်းပြဟောင်း ဆိုးရှားရဲ့ ခန့်အပ်မှုနဲ့အတူ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဖြစ်လာခဲ့တာပါ။ ဒါပေမဲ့ ဆိုးရှားနဲ့ ရန်းနစ်တို့ လက်ထက်မှာ ရုန်းကန်ခဲ့ရပြီးနောက်ပိုင်း ခေါင်းဆောင်လက်ပတ်ကို ဖယ်ရှားခံခဲ့ရပြီး အဲဒီနောက်ပိုင်းကစလို့ ဘရူနိုဖာနန်ဒက်စ်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
အခုအပတ်အတွင်း ပြောကြားချက်အရ မက်ဂွါရီက အဲဒီလို အခြေအနေကို လက်ခံဖို့ ခက်ခဲခဲ့ပေမဲ့ နောက်ကွယ်မှာ ကြိုးစားအားထုတ်မှုတွေက သူ့ကို အများကြီး ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။ "ပထမဆုံး ခံစားချက်ကတော့ ဒေါသထွက်တာနဲ့ စိတ်ပျက်တာပေါ့ဗျာ၊ ဒါက သဘာဝပါပဲ။ ဒါပေမဲ့ ကျွန်တော် အမြဲတွေးတာက ခင်ဗျားဟာ ကမ္ဘာ့အဆင့်မီ စူပါစတား ကစားသမားတစ်ယောက် မဟုတ်ဘူးဆိုရင် အနိမ့်အမြင့် အတက်အကျတွေနဲ့ ကြုံတွေ့ရမှာပဲ၊ ဒါကို ရင်ဆိုင်ကျော်ဖြတ်နိုင်ရမယ်။ ဒါကြောင့်လည်း ကစားသမား တော်တော်များများက ထိပ်တန်းအဆင့်မှာ နှစ်နှစ်၊ သုံးနှစ်လောက်ပဲ နေနိုင်ပြီး ပုံစံပျက်သွားတာမျိုး၊ တခြားနိုင်ငံကို ပြောင်းသွားပြီး သတင်းအစအန ပျောက်သွားတာမျိုးတွေ မြင်နေရတာပေါ့။ ဒီကလပ်မှာ ကစားခဲ့တဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဝိန်းရွန်နီတောင်မှ သူခြေစွမ်းမပြနိုင်တဲ့အချိန်တွေမှာ ဝေဖန်မှုတွေ အများကြီး ခံခဲ့ရတာပါ။ ကျွန်တော်ကတော့ ဝိန်းရွန်နီနဲ့ ဒေးဗစ်ဘက်ခမ်းတို့လို ကစားသမားတွေ ဒီလိုအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲဆိုတာကိုပဲ အတုယူခဲ့ပါတယ်။ ကျွန်တော်ကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်ပြီး လုပ်စရာရှိတာ ဆက်လုပ်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတယ်၊ ပိုအရေးကြီးတာက ကျွန်တော်ဟာ ထိပ်တန်းကစားသမားတစ်ယောက်ဆိုတာပါပဲ။ ဒါဟာ အခြေအနေတွေ ခက်ခဲနေချိန်မှာ ကျွန်တော့်ကို အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါတယ်" လို့ မက်ဂွါရီက ပြောပါတယ်။
မက်ဂွါရီဟာ ဒီအပတ်မှာပဲ ယူနိုက်တက်နဲ့ တစ်နှစ်သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး နောက်ထပ် တစ်နှစ် ထပ်တိုးခွင့်လည်း ပါဝင်ပါတယ်။ အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရပေမဲ့လည်း မက်ဂွါရီကို အသင်းက အခုလို ဆက်ထိန်းထားတာဟာ သူ့အပေါ် ယုံကြည်မှုရှိကြောင်း ပြသလိုက်တာဖြစ်သလို သူဟာ အသင်းမှာ အားလုံးရဲ့ ချစ်ခင်မှုကို ရရှိထားသူတစ်ယောက် ဖြစ်တယ်ဆိုတာလည်း ထင်ရှားစေပါတယ်။