အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းကနေ ချန်လှပ်ခံလိုက်ရတဲ့ ဟယ်ရီမက်ဂွါရီ
မန်ယူနောက်ခံလူ ဟယ်ရီမက်ဂွါရီဟာ နည်းပြသောမတ်စ်တူချယ်ရဲ့ နောက်ဆုံးအတည်ပြု ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ခွင့်ရတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် ဟယ်ရီမက်ဂွါရီဟာ ၂၀၁၈ ကမ္ဘာ့ဖလားကတည်းက အင်္ဂလန်အသင်းရဲ့ အမာခံကစားသမားတစ်ယောက် ဖြစ်ခဲ့ပေမဲ့ ၂၀၂၄ ယူရိုပြိုင်ပွဲပြီးနောက်မှာတော့ အခုကမ္ဘာ့ဖလားဟာ သူလွဲချော်ရတဲ့ ဒုတိယမြောက် အဓိကပြိုင်ပွဲကြီး ဖြစ်လာခဲ့ပါတယ်။ သတင်းထောက် ဘန်ဂျေကော့စ်ရဲ့ အဆိုအရ ဟယ်ရီမက်ဂွါရီဟာ ဒီနွေရာသီ အင်္ဂလန်အသင်းလူစာရင်းကနေ အံ့အားသင့်ဖွယ် ချန်လှပ်ခံလိုက်ရတာဖြစ်ပါတယ်။
ကလပ်အသင်းမှာ ခြေစွမ်းပြနေတဲ့အချိန် တူချယ်က သူ့ကို မခေါ်ယူဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် အဆိုပါဗဟိုနောက်ခံလူက တော်တော်လေးကို 'အံ့အားသင့်' နေတယ်လို့ သိရပါတယ်။ ဟယ်ရီမက်ဂွါရီဟာ မိုက်ကယ်ကားရစ်ရဲ့ လက်အောက် မန်ယူအသင်းမှာ ပရီးမီးယားလိဂ် ၂၂ ပွဲ ကစားထားရာမှာ ၁၈ ပွဲအထိ ပွဲထွက်ကစားခွင့်ရခဲ့ပြီး အသင်းရဲ့ အဓိကကစားသမားအဖြစ် ပြန်လည်ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။
"ကျွန်တော် တော်တော်လေး အံ့အားသင့်သွားပါတယ်။ အခုရာသီမှာ ကျွန်တော်ပြသခဲ့တဲ့ ခြေစွမ်းတွေအရဆိုရင် ဒီနွေရာသီမှာ နိုင်ငံအသင်းအတွက် အဓိကနေရာကနေ ပါဝင်ကူညီနိုင်မယ်လို့ ယုံကြည်နေခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကြောင့် တော်တော်လေးကို စိတ်ပျက်မိပါတယ်။ ကစားသမားတွေအားလုံးကိုတော့ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်" လို့ TalkSport ကို ပြောကြားခဲ့ပါတယ်။