အင်္ဂလန်ဒါဘီပွဲစဉ်မတိုင်ခင် ဆေးရုံတင်လိုက်ရတဲ့ ဆာအဲလက်စ်ဖာဂူဆန်
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နည်းပြကြီးဆာအဲလက်စ်ဖာဂူဆန်က သူ့ရဲ့အသင်းဟောင်းနဲ့ လီဗာပူးတို့ရဲ့ တနင်္ဂနွေနေ့ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင်မှာပဲ ဆေးရုံတက်လိုက်ရပါတယ်။
အသက် ၈၄ နှစ်အရွယ်ရှိဖာဂူဆန်က သူ့အသင်းဟောင်းနဲ့ ပြိုင်ဘက်လီဗာပူးတို့ရဲ့ပွဲစဉ်ကို ကြည့်ရှုဖို့ ပြင်ဆင်ထားခဲ့ပေမဲ့ ပွဲမစခင် တစ်နာရီအလိုမှာပဲ နေမကောင်းဖြစ်လာလို့ အိုးထရက်ဖို့ဒ်ကွင်းမှ ထွက်ခွာသွားခဲ့ရပါတယ်။
Daily Mail ရဲ့ ဖော်ပြချက်အရ ဖာဂူဆန်ကို ဆေးကုသမှုခံယူဖို့ ခေါ်ဆောင်သွားခဲ့ပြီး အခုလို ရုတ်တရက်ဖြစ်သွားတာမျိုးဆိုပေမဲ့ ကြိုတင်ကာကွယ်မှုအဖြစ် ဆေးရုံတင်ခဲ့တာလို့ သိရပါတယ်။ ဂန္ထဝင်နည်းပြကြီးကို မကြာခင်မှာပဲ ဆေးရုံဆင်းပြီး အိမ်မှာ ပြန်လည်အနားယူနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။