ဟယ်ရီမက်ဂွါရီနဲ့အတူ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းကနေ ချန်လှပ်ခံရတော့မယ့် ဖီးလ်ဖိုဒန်
မန်စီးတီးအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဖီးလ်ဖိုဒန်ဟာ ဒီနွေရာသီမှာ သောမတ်စ်တူချယ် ရွေးချယ်မယ့် ကမ္ဘာ့ဖလားလူစာရင်းကနေ ချန်လှပ်ခံရမယ့် နောက်ထပ် နာမည်ကြီးကစားသမားတစ်ဦး ဖြစ်လာတော့မှာပါ။
အသက် ၂၅ နှစ်အရွယ် ဖိုဒန်ဟာ အင်္ဂလန်ရဲ့ နည်းစနစ်ပိုင်းအကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် လူသိများပေမဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုအတွင်းမှာတော့ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ် ၃၂ ပွဲမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာကြောင့် ဆာမီမော့ဘယ်လ်ရဲ့ အဆိုအရ ဖိုဒန်ဟာ တူချယ်ရဲ့ အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်ခွင့်ရတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။
မန်စီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ဖိုဒန်ဟာ ဟယ်ရီမက်ဂွါရီ ချန်လှပ်ခံရပြီးနောက် အသင်းမှာ ပါဝင်ခွင့်မရတော့တဲ့ နောက်ထပ် နာမည်ကြီးကြယ်ပွင့်တစ်ဦး ဖြစ်လာခဲ့တာပါ။
အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမား နိုနီမာဒူယက်ကီကတော့ ရွေးချယ်ခံရဖို့ ရှိနေပြီး ၎င်းရဲ့ ပထမဆုံးသော နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ ပါဝင်ကစားခွင့် ရရှိတော့မှာဖြစ်တယ်လို့ နားလည်ရပါတယ်။