
အသင်းရဲ့စိတ်ပျက်စရာစွမ်းဆောင်ရည်အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ အာမိုရင်
ယူနိုက်တက်နည်းပြ အာမိုရင် အသင်းရဲ့စိတ်ပျက်စရာစွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး သူ့အတွက် အရှက်ရစရာကို ထုတ်ဖော်ပြောကြားလာပါတယ်။ အာမိုရင်ဟာ နိုဝင်ဘာတုန်းက စပို့တင်းကနေ ယူနိုက်တက်ထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စပို့တင်းမှာတုန်းက မန်စီးတီးအသင်းကို ၄-၁ နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကိုရောက်လာချိန်မှာတော့ ၂၃ ပွဲမှာ ၁၁ ပွဲသာအနိုင်ရရှိထားပြီး ၉ ပွဲအထိ အရေးနိမ့်ထားခဲ့ပါတယ်။
အင်တာဗျူးမှာ အာမိုရင်က “လူတွေကျွန်တော့်ကိုယုံကြည်တာကို ခံစားမိပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော့်အသင်းစွမ်းဆောင်ရည်ကို ကြည့်လိုက်ရင် ကျွန်တော် ရှက်မိပါတယ်။ အဲ့တာက နည်းပြတစ်ဦးအနေနဲ့ လက်ခံဖို့ ခက်ခဲပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ ဒီရာသီယူနိုက်တက်ဟာ အပေါင်းလက္ခဏာဆောင်တာ အနည်းငယ်ပဲရှိခဲ့ပြီး အမှတ်ပေးဇယားရပ်တည်မှုကလည်း တန်းဆင်းဇုန်နားကပ်နေတာဖြစ်ပါတယ်။
လာမယ့်ရာသီဥရောပဝင်ခွင့်အတွက်တော့ ယူနိုက်တက်အနေနဲ့ အက်ဖ်အေ ဒါမှမဟုတ် ယူရိုပါလိဂ်ရမှသာ ဖြစ်နိုင်ချေရှိနေတာဖြစ်ပါတယ်။ “တစ်ချို့အချိန်တွေမှာ ပွဲအတွင်းစွမ်းဆောင်ရည်ကို ကျွန်တော် စိတ်ပျက်မိပါတယ်။ ခင်ဗျားလည်း အဲ့တာကို ခံစားမိမှာပါ။ ကျွန်တော်တို့ တစ်ချို့အချိန်တွေမှာ ရွှေ့လျားတာတွေ ၊ ပွဲအတွင်း နားလည်မှုတွေက အထူးသဖြင့် အိုးထရက်ဖို့ဒ်မှာ တော်တော်ဆိုးပါတယ်။
အဝတ်လဲခန်းထဲကနေ သွေးပူလေ့ကျင့်ခန်းဆင်းပြီး ပွဲပြန်လည်စတင်တဲ့အချိန်အထိ လေးလံနေသလို ခံစားရပါတယ်။ ဒီလိုအရာတွေ ပွဲတော်တော်များများမှာဖြစ်ခဲ့ပါတယ်။
ကျွန်တော် ဂိုးပေးလိုက်ရချိန် ဒါမှမဟုတ် ဆိုးဝါးတဲ့အခိုက်အတန့်တစ်ခုရှိနေချိန်မှာ အချင်းချင်းကြားထဲမှာ ချိတ်ဆက်မှုမရှိတာကို ခံစားမိပါတယ်။ အဲ့တာက ဘောလုံးထက်ကော နည်းစနစ်ပိုင်းထက်ပါ ပိုတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ အဲ့တာက ကစားသမားတွေစိတ်ထဲမှာ တစ်ခုခုဖြစ်နေတာပါ”လို့ အာမိုရင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ ပေါ်တူဂီသားရဲ့ယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ ဖူလ်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး လွယ်ကူမယ့်အခြေအနေတော့ရှိနေတာမဟုတ်တာဖြစ်ပါတယ်။