သွင်းဂိုး၁၀၀ပြည့်ခဲ့တဲ့ပွဲစဉ်ကို ဘဝတစ်လျှောက်လုံးမှတ်မိနေမှာပါလို့ ပြောလိုက်တဲ့ ဟာလန်း
မန်စီးတီးတိုက်စစ်မှူး အာလင်းဟာလန်းဟာ ဖူလ်ဟမ်ကို ၅-၄ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ် ဂိုး ၁၀၀ သွင်းယူနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိကြောင်း ပြောခဲ့ပါတယ်။ ဟာလန်းဟာ ပွဲချိန် ၁၇ မိနစ်မှာ ဂိုးဧရိယာအတွင်း အပိုင်ကန်သွင်းကာ ပရီးမီးယားလိဂ် ဂိုး ၁၀၀ မြောက်ကို သွင်းယူခဲ့တာဖြစ်ပါတယ်။
ပွဲအပြီး City Studios နဲ့ အင်တာဗျူးမှာ ဟာလန်းက "သေချာပါတယ်။ ဒီဂိုးက အရမ်းအဓိပ္ပာယ်ရှိပါတယ်။
ပထမဆုံးအနေနဲ့ စီးတီးအတွက် ပရီးမီးယားလိဂ်မှာ ဂိုး ၁၀၀ သွင်းနိုင်ခဲ့တာက ကျွန်တော် ဒီကိုရောက်ကတည်းက လုပ်ချင်ခဲ့တဲ့အရာတစ်ခုပါပဲ။ ဒါပေမဲ့ ဒီလောက်မြန်မြန်ဖြစ်လာမယ်လို့တော့ မမျှော်လင့်ခဲ့ပါဘူး။ အခုဖြစ်လာတော့ အရမ်းဂုဏ်ယူပါတယ်။ ဒါက ကြီးမားတဲ့အရာတစ်ခုပါပဲ။ ကျွန်တော့်ရဲ့ ကစားသမားဘဝပြီးတဲ့အခါ ဒီပွဲကို ပြန်ကြည့်မယ်ဆိုရင် ဒါဟာ ကြီးမားတဲ့အခိုက်အတန့်တစ်ခုဖြစ်နေမှာပါ။ ပြီးတော့ ကျွန်တော့်ရဲ့ ဘဝတစ်လျှောက်လုံး မှတ်မိနေမယ့်ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။"လို့ ပြောခဲ့ပါတယ်။
ဟာလန်းက စီးတီးရဲ့ လူစားဝင်ကစားသမားတွေရဲ့ အပြုသဘောဆောင်တဲ့ သက်ရောက်မှုအကြောင်း ပြောခဲ့ပြီး ပြိုင်ဘက်တွေရဲ့ရလဒ်ကို ကြည့်တာထက် ကိုယ့်ပွဲစဉ်တွေအပေါ် အာရုံစိုက်ဖို့ အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။