ဝုဗ်ကိုဂိုးပြတ်နိုင်ခဲ့ပေမယ့် အသင်းမှာ လိုအပ်ချက်တွေရှိနေသေးကြောင်းပြောကြားလာတဲ့ အာမိုရင်
အင်္ဂါနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ဟာ ဝုဗ်ကို ၁-၄ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် နည်းပြရူဘင်အာမိုရင်ကတော့ အသင်းမှာလိုအပ်ချက်တွေရှိနေသေးပြီး အသေးစိတ်အချက်အလက်တွေမှာ တိုးတက်ဖို့လိုနေသေးတယ်လို့ ပြောကြားလာခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာသို့တက်လှမ်းလာနိုင်ခဲ့ပြီး အဆင့် ၅ နေရာကချဲလ်ဆီးနဲ့အမှတ်တူ၊ အဆင့် ၄ နေရာက ခရစ္စတယ်ပဲလေ့စ်နဲ့ ရမှတ် ၁ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာယူနိုက်တက်အတွက်ဦးဆောင်ဂိုးကို အသင်းခေါင်းဆောင်ဖာနန်ဒက်စ်က ပထမပိုင်း ၂၅ မိနစ်မှာ စတင်သွင်းယူခဲ့ပေမယ့် ပထမပိုင်းပြီးကာနီးအချိန်ပိုမှာ ဘယ်လာဂါဒီက ဝုဗ်အတွက်ပြန်လည်ချေပခဲ့ပါတယ်။
သို့သော်လည်း ယူနိုက်တက်အတွက်အနိုင်ဂိုးတွေကို ဒုတိယပိုင်းမှာ ဘရိုင်ယန်အမ်ဘွေမို၊ မေဆင်မောင့်နဲ့ ဖာနန်ဒက်စ်တို့က ထပ်မံသွင်းယူခဲ့တာကြောင့် ဝုဗ်တို့အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ ပွဲအပြီးမှာ အာမိုရင်က အသင်းအနေနဲ့ ဂိုးပြတ်နိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပေမယ့် တိုးတက်ဖို့လိုအပ်နေတဲ့ အသေးစိတ်အချက်အလက်လေးတွေကျန်ရှိနေသေးကြောင်း ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီသားနည်းပြက "ကျွန်တော်တို့ ပွဲချိန်တစ်လျှောက်လုံး ဘောလုံးကိုင်ပြီးကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းစွမ်းဆောင်ရည်ကို ပိုသဘောကျမိပြီး ဂိုးတွေထပ်ရလာမယ်လို့လည်း ယုံကြည်ခဲ့ပါတယ်။ ပထမပိုင်းမှာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမသေချာမှုတွေရှိခဲ့ပါတယ်။ အသေးစိတ်အချက်အလက်လေးတွေမှာ တိုးတက်ဖို့လိုပါသေးတယ်။ ဒါပေမယ့် ၄၅ မိနစ်အတွင်း နိုင်ပွဲဖော်ဆောင်နိုင်ခဲ့လို့ ကစားသမားတွေကိုချီးကျူးရပါမယ်"
"ဒီနိုင်ပွဲကအသင်းအတွက်အရမ်းအရေးကြီးပါတယ်၊။ ဒီပွဲမှာ အသင်းရဲ့ကန်ချက်တွေက အတော်လေးထိရောက်ခဲ့ပါတယ်။ ဂိုးတွေထပ်သွင်းနိုင်ဖို့နဲ့ ဂိုးမပေးရဖို့အတွက် ဆက်လက်အာရုံစိုက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။