The network connection is lost.

Banner Image

ယူနိုက်တက်အနေနဲ့ အနိုင်ရလဒ်ကို ပြတ်ပြတ်သားသားပုံဖော်သင့်တယ်လို့ပြောကြားလာတဲ့ အာမိုရင်

အင်္ဂါနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်ကို ၄-၄ နဲ့သရေကျပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က အသင်းအနေနဲ့ ဦးဆောင်ဂိုးတွေရပြီးကာမှ သရေကျခဲ့တာဖြစ်လို့ အနိုင်ရလဒ်ကို ပြတ်ပြတ်သားသားပုံဖော်နိုင်သင့်ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ နည်းပြအာမိုရင်လက်ထက် အကောင်းဆုံးသောတိုက်စစ်ခြေစွမ်းကိုပြသနိုင်ခဲ့ပြီး ဘုန်းမောက်ကို ၃ ကြိမ်တိုင်တိုင်ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးတွေ  အကြိမ်ကြိမ်ပြန်ပေးခဲ့ရတာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာသရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 

ယူနိုက်တက်အတွက်ဦးဆောင်ဂိုးကို အာမက်ဒီယာလိုက စတင်သွင်းယူပေးခဲ့ပြီး ကျန်တဲ့သွင်းဂိုးတွေကိုတော့ ကတ်စ်မဲရိုး၊ ဘရူနိုဖာနန်ဒက်စ်နဲ့ ဂိုးပေါက်ပျောက်နေခဲ့တဲ့ ‌တောင်ပံကစားသမား မားသီးယက်စ်ကွန်ညာတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ သွင်းဂိုး ၄ ဂိုးအထိရရှိခဲ့ပေမယ့် အတွေ့အကြုံရင့်ကစားသမားတွေဖြစ်တဲ့ ဒီလစ်ချ်နဲ့ မက်ဂွါရီတို့မပါဝင်တဲ့ယူနိုက်တက်နောက်တန်းဟာ ဒီနေ့မှာအ‌တော်လေးစွမ်းဆောင်ရည်ကျဆင်းခဲ့ပြီး ၄ ဂိုးအထိပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် အိမ်ကွင်းမှာ ၃ ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့လအတွင်း အိမ်ကွင်းပွဲစဉ်မှာ ယူနိုက်တက်ဟာ ကစားသမားတစ်ယောက်လျော့အဲဗာတန်ကို ၀-၁ နဲ့အမှတ်မထင်အရေးနိမ့်ခဲ့သလို၊ ယခုလအစပိုင်းက ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာလည်း ဦးဆောင်ဂိုးရပြီးကာမှ ၁-၁ နဲ့သရေကျခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ အာမိုရင်က အသင်းဟာ ပထမပိုင်းအတွင်း အခွင့်အရေးတွေအများအပြားဖြုန်းတီးပစ်ခဲ့မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

ပေါ်တူဂီသားနည်းပြက "ကျွန်တော်တို့ ဒီရလဒ်အတွက်စိတ်ပျက်မိပါတယ်။ ရူးချင်စရာပွဲတစ်ပွဲပါ။ ဒုတိယပိုင်းရောက်မှာ ၂ မှတ်ဆုံးရှုံးသွားတယ်လို့ထင်ရပေမယ့် တကယ်တော့ ပထမပိုင်းမှာကတည်းက ကျွန်တော်တို့ ဆုံးရှုံးခဲ့တာပါ"
"ပထမပိုင်းမှာ ပွဲကိုလွှမ်းမိုးပြီး အခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ ဒီထက်ပိုကောင်းတဲ့ရလဒ်မျိုးနဲ့ ပထမပိုင်းကို အဆုံးသတ်နိုင်ခဲ့သင့်ပါတယ်။ ဒီထက်ပိုကောင်းတဲ့ရလဒ်မျိုးနဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ပွဲကိုကြည့်ကြတဲ့လူတွေအတွက် ဒီပွဲက ဖျော်ဖြေမှုပေးနိုင်ပါလိမ့်မယ်။ အခွင့်အရေးတွေအများကြီးရခဲ့ပေမယ့် အနိုင်ရလဒ်ကို ပြတ်ပြတ်သားသားပုံမဖော်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဒီထက်ပို ပြတ်သားဖို့နဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ဖို့လိုအပ်နေပါပြီ" လို့ပြောကြားခဲံပါတယ်။ 

ယခုပွဲစဉ်မှာ တစ်မှတ်သာရခဲ့ပေမယ့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်ထားနိုင်ပြီး အဆင့် ၄ နေရာကချဲလ်ဆီးနဲ့ ရမှတ် ၂ မှတ်သာကွာဟနေပါတယ်။