The network connection is lost.

Banner Image

လစ္စဘွန်းနိုင်ပွဲအပြီး ကွန်တီကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ မော်ရင်ဟို

မော်ရင်ဟိုက နာပိုလီကို ဘင်ဖီကာတို့ အနိုင်ရရှိမှုအပြီး ကွန်တီရဲ့တုံ့ပြန်ပုံကို ဆင်ခြေပေးမှုတစ်ခုသာ ဖြစ်တယ်လို့ ဆွေးနွေးခဲ့ပြီး သူ့ရဲ့နည်းဗျူဟာပိုင်းဆိုင်ရာအပြောင်းအလဲကြောင့် ချန်ပီယံလိဂ်ပွဲစဉ်တစ်ခုမှာ ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်ပေါ်စေခဲ့သလဲဆိုတာကို ရှင်းပြသွားခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်း၊ ပေါ်တူဂီမြေမှာ ယှဉ်ပြိုင်ကစားရတဲ့ ပွဲစဉ်အတွင်း စပါယ်ရှယ်ဝမ်းက ဗဟိုတိုက်စစ်မှူးပက်ဗ်လီဒစ်ကို အရန်ခုံဆီပို့ဆောင်ကာ တိုက်စစ်မြှားဦးမှာ အိုင်ဗန်နိုဗစ်ကို နေရာပေးခဲ့ပါတယ်။

ဒီအပြောင်းအလဲက အလုပ်ဖြစ်ခဲ့ပြီး ဘင်ဖီကာက အိမ်ကွင်းမှာ နာပိုလီကို ရစ်ချက်ရီယို၊ လီယန်ဒရိုဘာရဲရိုးတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ၂-၀ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ယူခဲ့ပါတယ်။ Sky Sport Italia နဲ့တွေ့ဆုံချိန် မော်ရင်ဟိုက “ ဒီအသင်းအကောင်းဆုံးကစားနိုင်နေတာ သီတင်းပတ်သုံးလေးပတ်လောက် ရှိပါပြီ။ စပို့တင်းနဲ့ပွဲစဉ်မှာလည်း အကောင်းဆုံးစွမ်းဆောင်ရည်တွေကို မြင်တွေ့ခဲ့ရလို့ ဒီနေ့ပွဲစဉ်အတွက် အဲ့ဒီလိုစွမ်းဆောင်ရည်မျိုးပြသနိုင်ဖို့ မျှော်လင့်မိခဲ့ပါတယ်။

ပြိုင်ဘက်အတွက် ပြဿနာတွေဖန်တီးပေးနိုင်ပြီး သုံးယောက်တန်းခံစစ်ဗျူဟာအသုံးချတဲ့ ထိပ်တန်းနည်းပြတစ်ဦးနဲ့အတူ အံ့အားသင့်ဖွယ်နာပိုလီအသင်းကို ကျွန်တော်တို့ ရင်ဆိုင်ရမယ်ဆိုတာ သိထားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း အရမ်းကောင်းအောင်ကစားခဲ့ပြီး နိုင်ပွဲနဲ့ထိုက်တန်ခဲ့ပါတယ်”လို့ ပြောပါတယ်။

အခုပွဲစဉ်အပြီး ကွန်တီက နာပိုလီမှာ ဒဏ်ရာပြဿနာတွေကြောင့် ကြံ့ခိုင်မှု ပိုင်းဆိုင်ရာအားနည်းချက်ရှိပြီး ထက်မြက်မှုပျောက်ဆုံးနေခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။ ဒီအချက်ကိုတော့ မော်ရင်ဟိုက လုံးဝသဘောမတူခဲ့ပါဘူး။ မော်ရင်ဟိုက “ ဘင်ဖီကာက ရုပ်ပိုင်းဆိုင်ရာအရ လန်းဆန်းမှု ပိုရှိတယ်ဆိုတဲ့ပြောဆိုချက်ကို ကျွန်တော်ကတော့ ဆင်ခြေတစ်ခုနဲ့တောင် ပိုတူနေသေးတယ်လို့ ယူဆမိပါတယ်။

ကျွန်တော်တို့က ဒီပွဲစဉ်အကြောင်း ကောင်းကောင်းနားလည်ခဲ့တာပါ။ ကျွန်တော်ဆိုရင်လည်း ပက်ဗ်လီဒစ်အစား အိုင်ဗန်နိုဗစ်ကို တိုက်စစ်ပိုင်းမှာ နေရာပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပက်ဗ်လီဒစ်က ကွင်းလယ်ပိုင်းနဲ့အတူ ချိတ်ဆက်လှုပ်ရှားတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါက နာပိုလီလို အသင်းမျိုးအတွက် သူ့ကိုဖိအားပေးဖို့ လွယ်ကူစေပါတယ်။ အိုင်ဗန်နိုဗစ်ကတော့ သုံးယောက်တန်းခံစစ်အသုံးပြုတဲ့ ပြိုင်ဘက်အသင်းတွေတိုင်းကို မတည်မငြိမ်ဖြစ်အောင် ပြုလုပ်နိုင်စွမ်း ရှိပါတယ်။

ကစားသမားတွေက စရိုက်လက္ခဏာနဲ့ ဉာဏ်စွမ်းဉာဏ်စတွေအပြင် ဘင်ဖီကာရဲ့စိတ်ဓါတ်ပိုင်းကိုပါ ထုတ်ပြခဲ့ပါတယ်။ ဆိုလိုတာက အကြီးမားဆုံးအခက်အခဲတွေနဲ့ရင်ဆိုင်ရချိန်တိုင်း ခြေတစ်လှမ်းဆက်တိုးဖို့ပါပဲ။ ဒီနေ့မှာသာ နိုင်ပွဲမရရှိဘူးဆိုရင် ကျွန်တော်တို့တွေ ပြိုင်ပွဲမှထွက်ခွာရပြီဆိုတာကို သိထားခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့မှာ ခြောက်မှတ်ရရှိထားလို့ ပြိုင်ပွဲလမ်းကြောင်းပေါ် ဆက်ရှိနေပါတယ်”လို့ ဆိုပါတယ်။

ဘင်ဖီကာက အခုရာသီ၊ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်လေးခုလုံးကို ရှုံးနိမ့်ခဲ့ပြီးနောက် အေဂျက်စ်၊ နာပိုလီတို့ကို ပေးဂိုးမရှိ၊ နှစ်ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ မကြာသေးခင်ရက်သတ္တပတ်တွေအတွင်း ဆွေးနွေးလာခဲ့တဲ့အကြောင်းအရာတစ်ခုကတော့ စီးရီးအေဟာ အခြားဥရောပလိဂ်တွေထက် နိမ့်ပါးတဲ့ အရှိန်အဟုန်မျိုးနဲ့ကစားနေလို့ ချန်ပီယံလိဂ်မှာ ရုန်းကန်နေရတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါကို မော်ရင်ဟို သဘောတူခဲ့ပါသလား?

မော်ရင်ဟိုက “ ကျွန်တော့်အတွက်တော့ ပြောဖို့ခက်ပါတယ်။ ပေါ်တူဂီမှာလည်း အလားတူပြဿနာမျိုး ရှိပါတယ်။ ပေါ်တူဂီကလပ်အသင်းတစ်ခု ချန်ပီယံလိဂ်ဖလားရရှိတာ နှစ် ၂၀ ကျော်ပြီဖြစ်သလို အီတလီကလပ်အသင်းတစ်ခု ချန်ပီယံလိဂ်ဖလားနောက်ဆုံးအကြိမ်ရရှိတာ ၁၅ နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ ဒါကြောင့် ဒီနေရာမှာ တစ်ခုခုတော့ ရှိနေပါတယ်။

ရင်းနှီးမြှုပ်နှံမှုအများကြီးပြုလုပ်လေ့ရှိတဲ့ကလပ်အသင်းတွေသာ ချန်ပီယံလိဂ်ဖလားကို ရရှိပေမယ့် ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလုပ်ထားပြီး ချန်ပီယံလိဂ်ဖလားမရရှိသေးတဲ့ အသင်းတွေလည်း ရှိပါတယ်။ တဖက်မှာလည်း အင်တာမီလန်က နောက်ဆုံးသုံးနှစ်အတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ နှစ်ကြိမ်တိုင် တက်ရောက်ထားနိုင်လို့ အီတလီကလပ်အသင်းတွေအတွက် သိပ်မဆိုးလှပါဘူး”လို့ ပြောပါတယ်။

အမှန်ပါပဲ၊ အီတလီ(သို့မဟုတ်)ပေါ်တူဂီကလပ်အသင်းတစ်ခု ချန်ပီယံလိဂ်နောက်ဆုံးအကြိမ်ဗိုလ်စွဲချိန်မှာ မော်ရင်ဟိုက အရန်ခုံတန်းထက် ချန်ပီယံဖြစ်လာမယ့်အသင်းကို ဦးဆောင်ပေးခဲ့ပါတယ်။