The network connection is lost.

Banner Image

အိုးလ်ထရက်ဖို့ဒ်တွင် တည်ငြိမ်မှုရှိရန် တောင်းဆိုလိုက်သလို အမ်မိုရင်ကိုလည်း ကာကွယ်ပြောကြားလိုက်တဲ့ ဖာနန်ဒက်စ်

ဘရူနိုဖာနန်ဒက်စ်က ဂျင်မ်ရက်ကလစ်ဖ်ရဲ့ ရူဘင်အမ်မိုရင်အပေါ် ထောက်ခံမှုကို ထပ်ဆင့်အတည်ပြုရင်း မန်ချက်စတာယူနိုက်တက်အသင်းတွင် တည်ငြိမ်မှုရှိရန် တောင်းဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းသည် နိုင်ငံတကာပွဲစဉ်များ မတိုင်မီတွင် အိုးလ်ထရက်ဖို့ဒ်၌ ဆန်းဒါးလန်းအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရကာ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့သော်လည်း အမ်မိုရင်၏ နည်းပြသက်တမ်းအပေါ် သံသယများ ဆက်လက်ရှိနေဆဲပါ။

ယခုရက်သတ္တပတ်ကုန် ပွဲစဉ်များအဖြစ် တနင်္ဂနွေနေ့တွင် ပြိုင်ဘက် လီဗာပူးအသင်းရဲ့ အန်ဖီးလ်ကွင်းသို့ သွားရောက်ရမည့် ကြောက်မက်ဖွယ် စိန်ခေါ်မှုနှင့် ရင်ဆိုင်ရချိန်တွင် ယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့် ၁၀ နေရာတွင် ရပ်တည်နေပါတယ်။

အမ်မိုရင်ဟာ သူ့ရဲ့ နည်းပြသက်တမ်း တစ်နှစ်နီးပါးအတွင်း လိဂ်ပွဲစဉ်များတွင် နှစ်ပွဲဆက်တိုက် နိုင်ပွဲရရှိအောင် မစွမ်းဆောင်နိုင်သေးသော်လည်း ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ မေးခွန်းများ တိုးပွားလာနေချိန်တွင် ဖာနန်ဒက်စ်က စပို့တင်းစီပီ နည်းပြဟောင်းအပေါ် သူ၏ယုံကြည်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

"ကျွန်တော်ထင်တယ် ကလပ်အသင်းက တည်ငြိမ်မှု လိုအပ်ပါတယ်။ ဒါက ဂျင်မ် (ရက်ကလစ်ဖ်) က လူတိုင်းကို ပေးချင်တဲ့ သတင်းစကားလို့ ကျွန်တော်ထင်ပါတယ်"

"တစ်ခါတလေမှာ ကျွန်တော်တို့က ခြုံငုံပြီး ကြည့်ဖို့လိုပါတယ်၊ ကစားသမားအစုအဖွဲ့တစ်ရပ်အနေနဲ့ ကျွန်တော်တို့က မန်နေဂျာက ဒီကလပ်အသင်းကို သူနဲ့ထိုက်တန်တဲ့နေရာ ပြန်ရောက်အောင် ကူညီနိုင်မယ်လို့ ယုံကြည်ပါတယ်"

"ဂျင်မ်ကလည်း ကစားသမားတွေလိုပဲ မန်နေဂျာက ဒီအလုပ်အတွက် မှန်ကန်တဲ့သူလို့ မြင်တယ်ဆိုရင်၊ ကျွန်တော်တို့ လူအုပ်စုနှစ်စုက ရှုမြင်ပုံတစ်ထပ်တည်းကျတာက အခြေအနေကို ပိုကောင်းစေပါတယ်" ဟု ဖာနန်ဒက်စ်က Sky Sports သို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ မတ်လက လက်စတာစီးတီးကို ၃-၀ ဂိုးဖြင့် အနိုင်ရပြီးနောက်ပိုင်း ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံး ၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေကာ (၂ ပွဲသရေ၊ ၆ ပွဲရှုံး) အန်ဖီးလ်တွင် ထိုညံ့ဖျင်းသောစံချိန်ကို ပြောင်းပြန်လှန်နိုင်ရန်မှာ မဖြစ်နိုင်လောက်သော စိန်ခေါ်မှုတစ်ခု ဖြစ်လာဖွယ်ရှိနေပါတယ်။

သူတို့ဟာ ၁၉၈၉ ခုနှစ် စက်တင်ဘာလတွင် အဲလက်စ်ဖာဂူဆန် လက်အောက်၌ ၁၁ ပွဲအထိ အဝေးကွင်းနိုင်ပွဲ ပိုမိုကြာရှည်စွာ ပျောက်ဆုံးခဲ့ဖူးသော်လည်း ယူနိုက်တက်ရဲ့ ကြီးမြတ်တဲ့ မန်နေဂျာကြီးက မကြာမီတွင် အခြေအနေများကို ပြောင်းပြန်လှန်နိုင်ခဲ့သကဲ့သို့ အမ်မိုရင်ကလည်း ထပ်တူပြုလုပ်နိုင်ရန် မျှော်လင့်နေပါလိမ့်မယ်။

ဆန်းဒါးလန်းကို သက်တောင့်သက်သာ အနိုင်ရခဲ့ပြီးနောက် အားတက်ဖွယ်ရာ အခြေအနေသစ်များ ရှိလာခဲ့သော်လည်း ဖာနန်ဒက်စ်က လီဗာပူးနှင့်ပွဲတွင် နောက်ထပ် ခြေစွမ်းဆိုးတစ်ခု ပြသ၍ မရတော့ကြောင်း ဝန်ခံခဲ့ပါတယ်။

"ဒီကို ရောက်လာတဲ့ ဘယ်မန်နေဂျာမဆို အကျပ်အတည်းတစ်ခုနဲ့ တစ်ပွဲအကွာမှာ ရှိနေတာပါပဲ" 

"ဒီကလပ်က အမြဲတမ်း ဒီလိုပါပဲ။ ခင်ဗျား တစ်ပွဲနိုင်ရင် လိဂ်ဖလား နိုင်တော့မလိုလို ထင်ရတယ်။ တစ်ပွဲရှုံးရင် ကလပ်အပေါ်မှာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်တဲ့ တိမ်မည်းကြီးတစ်ခု ရှိနေသလိုပါပဲ"

"ကျွန်တော်တို့မှာ ကလပ်ရဲ့ အတိုင်းအတာနဲ့ ဘယ်လိုလည်ပတ်နေသလဲဆိုတာကို သိတဲ့ ကစားသမားတွေ ရှိပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒါတွေ မလိုအပ်ပါဘူး။ ကျွန်တော်တို့ ဘာလုပ်နေလဲ၊ ရေရှည်မှာ ဘာကို အောင်မြင်ချင်လဲ၊ နောက်လာမယ့်ပွဲအတွက် ဘာကို အောင်မြင်ချင်လဲ ဆိုတာကို သိဖို့လိုပါတယ်"

"ဒါက ကစားသမားတိုင်းအတွက် ရည်မှန်းချက် ဖြစ်ရပါမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကလပ်မှာ ဘယ်မန်နေဂျာမဆို ရလဒ်ဆိုးတစ်ခု ရလာတဲ့အခါ ဖိအားအောက် ရောက်မှာဖြစ်ပြီး ကျွန်တော်တို့ မန်နေဂျာလည်း ခြွင်းချက်မဟုတ်ပါဘူး"

"ဒါပေမဲ့ သူက အဲ့ဒီအတွက် အရမ်းကို ပြင်ဆင်ထားပြီးသားပါ၊ ပြီးတော့ ဒါက ဘယ်လောက်ကြီးမားတဲ့ စိန်ခေါ်မှုလဲဆိုတာကို သူ သိပါတယ်" လို့ ယူနိုက်တက် အသင်းခေါင်းဆောင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။