ချဲလ်ဆီးရဲ့ပုံစံကောင်းပြသနေမှု ကို တစ်နေ့တစ်ခြား ပိုမိုအထင်ကြီးလာတယ်လို့ ချီးကျူးလိုက်တဲ့ ပက်ဂွါဒီယိုလာ
ပရီးမီးယားလိဂ်ထိပ်ဆုံးနေရာအတွက် အာဆင်နယ်နဲ့အပြိုင် ကြိုးပမ်းနေတဲ့ ချဲလ်ဆီးကို တစ်နေ့တစ်ခြားပိုမိုပြီး အထင်ကြီးလာမိတယ်လို့ ပက်ဂွါဒီယိုလာက ဝန်ခံပြောဆိုခဲ့ပါတယ်။ အင်္ဂါညပိုင်း၊ ဖူလ်ဟမ်ကို ၅-၄ ဂိုးဖြင့် အနိုင်ယူပြီးနောက် မန်စီးတီးက ပရီးမီးယားလိဂ်ထိပ်ဆုံးနေရာနဲ့ နှစ်မှတ်အကွာအခြေအနေဆီ ရောက်ရှိလာပါတယ်။
တဖက်မှာလည်း အာဆင်နယ်က ဗုဒ္ဓဟူးညပိုင်း၊ အမ်းမရိတ်စ်ကွင်းမှာ ဘရန့်ဖို့ဒ်ကို အနိုင်ရရှိမယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ငါးမှတ်ဖြတ်ပြီး ဦးဆောင်နိုင်မယ့် အခွင့်အရေး ပြန်လည်ရရှိလာပါလိမ့်မယ်။ အလားတူ ချဲလ်ဆီးကလည်း ဗုဒ္ဓဟူးညပိုင်းမှာပဲ လိဒ်ယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ရရှိမယ်ဆိုရင် မန်စီးတီးနောက် တစ်မှတ်အကွာအနေအထားဆီ ပြန်လည်ရောက်ရှိလာပါလိမ့်မယ်။
အန်ဇိုမာရက်စ်ကာရဲ့အသင်းက လွန်ခဲ့တဲ့တနင်္ဂနွေနေ့၊ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားသမားတစ်ဦးလျော့ဖြင့် အာဆင်နယ်ကို တစ်ဂိုးစီသရေကျအောင် စွမ်းဆောင်ပြခဲ့ပါတယ်။ ပက်ဂွါဒီယိုလာကတော့ အခုရာသီ၊ အာဆင်နယ်ကို အမီလိုက်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်လို့ အခိုင်အမာပြောဆိုခဲ့ပြီး ချန်ပီယံလောင်းလျာစာရင်းမှာ ချဲလ်ဆီးကိုလည်း ထည့်သွင်းထားရမယ်လို့ ယုံကြည်နေပါတယ်။
ဖူလ်ဟမ်ကိုအနိုင်ယူပြီးနောက် မန်စီးတီးနည်းပြက “ အာဆင်နယ်က အရမ်းခိုင်မာအားကောင်းလွန်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘာလုပ်သွားရမလဲဆိုတာကို ကျွန်တော်သိပါတယ်။ ရမှတ်တွေဆုံးရှုံးမယ်ဆိုရင် အရမ်းခက်ခဲသွားမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီလိုအသိအမြင်ကို ကိုယ့်စိတ်ထဲမှာ ထည့်သွင်းထားရမှာ ဖြစ်ပေမယ့် တချိန်တည်းမှာပဲ ပရီမီးယားလိဂ်ပြိုင်ပွဲကာလဆိုတာ အရမ်းရှည်လျားလွန်းပါတယ်။
ကျွန်တော်က ပရီးမီးယားလိဂ်ရဲ့အသက်အကြီးဆုံးနည်းပြ ဖြစ်ပြီး ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက် လုံလောက်တဲ့အတွေ့အကြုံတွေ ပိုင်ဆိုင်ထားပါတယ်။ ရှည်လျားလွန်းတဲ့ မာရသွန်ပြိုင်ပွဲတစ်ခုပါ။ အန်ဇိုမာရက်စ်ကာလက်အောက် ချဲလ်ဆီးကလည်း တစ်နေ့ပြီးတစ်နေ့ ကျွန်တော့်ကို အထင်ကြီးလာစေပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးလည်း ပြိုင်ပွဲရှည်ကြီးတစ်ခုကို ဖြတ်သန်းရမှာပါ။
ပရီးမီးယားလိဂ်ပြေးလမ်းဆိုတာ ရှည်လျားလွန်းလို့ ဘာမဆိုဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့တွေ ပရီမီးယားလိဂ်ချန်ပီယံဆုကို ခြောက်ကြိမ်တိုင် ဆွတ်ခူးဖူးပါတယ်။ ဒီခြောက်ကြိမ်အနက် လေးငါးကြိမ်က ဒီဇင်ဘာ၊ ဇန်နဝါရီ သို့မဟုတ် ဖေဖော်ဝါရီလောက်အထိ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ကျွန်တော်တို့ ရှိမနေခဲ့ပါဘူး။
ပရီးမီးယားလိဂ်ချန်ပီယံအသင်းဆိုတာ တစ်လပြီးတစ်လ တိုးတက်လာတဲ့အသင်းဖြစ်ပြီး ဒီပုံစံအတိုင်းဖြစ်လာဖို့ ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ ဒဏ်ရာပြဿနာတွေမရှိဘဲ ကာလရှည်ဖြတ်သန်းရပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကိုယ်ပိုကောင်းလာအောင်တွန်းအားပေးပြီး အခြေအနေတွေ၊ စိတ်ခံစားမှုတွေကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။
လိဒ်နဲ့ရင်ဆိုင်ရမယ့် အဝေးကွင်းပွဲစဉ်မတိုင်ခင် မာရက်စ်ကာက သူ့အသင်းကို ဘာကြောင့်ချန်ပီယံဆုပြိုင်ဘက်အဖြစ် ဘာကြောင့်မစဉ်းစားချင်သလဲဆိုတာ ရှင်းပြသွားခဲ့ပါတယ်။ မာရက်စ်ကာက “ ကျွန်တော်တို့တွေ ဒီဇင်ဘာလမှာပဲ ရှိနေပါသေးတယ်။ ဖေဖော်ဝါရီ၊ မတ်လောက်အထိ ဒီနေရာမှာပဲ ရှိနေသေးတယ်ဆိုရင် ကျွန်တော်တို့တွေ အမှတ်ပေးချန်ပီယံဆုစိန်ခေါ်သူ ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ၊ မတ်လလောက်မှာ ကျွန်တော်တို့တွေ အဲ့ဒီအဆင့်ဆီ ရောက်မနေဘူးဆိုရင်….. ကျွန်တော့်အတွက်တော့ ပြောဖို့ အတော်လေးစောနေပါသေးတယ်။
လိဒ်နဲ့ပွဲစဉ်အပါအဝင် ဒီဇင်ဘာလမှာ ကျွန်တော်တို့တွေ ရှစ်ပွဲကစားရပါမယ်။ ဇန်နဝါရီမှာလည်း ရှစ်ပွဲကစားရပါမယ်။ ဒီနှစ်လက ပိုရှုပ်ထွေးပါတယ်။ဖေဖော်ဝါရီ သို့မဟုတ် မတ်လလောက်အထိ ကျွန်တော်တို့တွေ ရှင်သန်နိုင်နေမယ်ဆိုရင် အမှတ်ပေးချန်ပီယံဆုစိန်ခေါ်သူအဆင့်ဆီ သေချာပေါက်ရောက်ရှိပါလိမ့်မယ်။ အခုအချိန်မှာတော့ လာမယ့်ဖေဖော်ဝါရီလမှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း သေချာမသိပါဘူး”လို့ ဆိုပါတယ်။