The network connection is lost.

Banner Image

မန်စီးတီးကိုရှုံးနိမ့်ခဲ့ပေမယ့် ဖူလ်ဟမ်ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကို နည်ပြမာကိုဆေးလ်ဗား ချီးကျူး

ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားက ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာစီးတီးကို ၄-၅ နဲ့အရေးနိမ့်ခဲ့ပေမယ့် အသင်းရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကိုချီးကျူးခဲ့ပြီး ကစားသမားတွေကိုလည်း အားပေးစကားပြောကြားလာခဲ့ပါတယ်။ 

၂ သင်းပေါင်း သွင်းဂိုး ၉ ဂိုးအထိသွင်းယူခဲ့ကြတဲ့ အဆိုပါပွဲစဉ်မှာ မန်စီးတီးဟာ တစ်ဂိုးအသာနဲ့ကပ်နိုင်ခဲ့တာဖြစ်ပြီး ဖူလ်ဟမ်အနေနဲ့ သရေရလဒ်ကိုပြန်လည်ရရှိဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် တစ်ဂိုးနဲ့ကပ်ရှုံးခဲ့တာလည်းဖြစ်ပါတယ်။ အိမ်ကွင်းမှာ တစ်မှတ်မှမရခဲ့ပေမယ့် နည်းပြမာကိုဆေးလ်ဗားကတော့ အသင်းရဲ့ကစားသမားတွေအပေါ် အပြစ်တင်ခဲ့ခြင်းမရှိဘဲ ချီူကျူးပြောဆိုမှုတွေပြုလုပ်ခဲ့သလို၊ ပရိသတ်တွေရဲ့အားပေးမှု ကိုလည်း အသိအမှတ်ပြုကြောင်းပြောကြားခဲ့ပါတယ်။ 

ဆေးလ်ဗားက "ဒီနေ့လို စိတ်ဓာတ်မျိုးကို အမြဲတမ်းထိန်းထားနိုင်မယ်ဆိုရင် အသင်းက မယုံနိုင်စရာကောင်းအောင်တိုးတက်လာမှာပါ။ ဒီပွဲမှာ ကျွန်တော်တို့အသင်းက အရမ်းကောင်းခဲ့ပါတယ်။ ပုံမှန်ဆိုရင် မန်စီးတီးလိုအသင်းကို ဂိုးပြတ်အရေးနိမ့်နေရင် အိမ်ကွင်းမှာပဲဖြစ်ဖြစ်၊ အဝေးကွင်းမှာပဲဖြစ်ဖြစ် ပြန်လာနိုင်ဖို့ စိတ်မကူးကြတော့ပါဘူး"

"မန်စီးတီးရဲ့ပဉ္စမမြောက်ဂိုးကိုခွင့်ပြုလိုက်ရချိန်မှာ ပြန်လည်တုံ့ပြန်မှုတွေပြုလုပ်ချင်ပေမယ့် နောက်ထပ်ဂိုးတွေထပ်ပေးရနိုင်လို့ စွန့်စားဖို့ခက်ပါတယ်။ ဒါကြောင့် ပွဲကိုနောက်ထပ်ဂိုးမပေးရဖို့ပဲ အာရုံစိုက်ပြီးကစားရမှာပါ။ ဒါပေမယ့် အသင်းရဲ့တုံ့ပြန်မှုက မယုံနိုင်စရာပါ။ ကစားသမားတွေဆီ၊ အသင်းဆီက၊ ပရိသတ်တွေဆီကလာတဲ့ တုံ့ပြန်မှုက ချီးကျူးစရာပါ"

"ကျွန်‌တော်တို့ မန်စီးတီးကို ၅ ဂိုးအထိပြန်သွင်းဖို့ ထိုက်တန်ခဲ့တယ်လို့ထင်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ ၄ ဂိုးမှာပဲရပ်တန့်ခဲ့ရပါတယ်။ ဒီပွဲမှာ အပြုသဘောဆောင်တဲ့အချက်တွေအများကြီးရှိခဲ့ပါတယ်။ အဓိက အပြုသဘောဆောင်တဲ့အချက်ကတော့ ပရိသတ်နဲ့ ကစားသမားတွေကြားက ဆက်သွယ်မှုပါ။ ဒါက တကယ်ကို အဓိပ္ပာယ်ရှိပါတယ်"

"ဒီပွဲကနေ အမှတ်မရခဲ့ပေမယ့် ကစားသမားတွေရဲ့တုံ့ပြန်မှု ပရိသတ်တွေရဲ့ဆက်သွယ်မှုနဲ့ အိမ်ကွင်းမှာ အသင်းကိုစိတ်မပျက်ခဲ့ကြဘဲ ယုံကြည်ခဲ့ကြသူတွေအားလုံးကြောင့် အနာဂတ်မှာ အရမ်းကောင်းတဲ့အရာတွေ ရလာဖို့ရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။