ပြီးခဲ့တဲ့ရာသီက သူသာ ဘာစီလိုနာ သို့မဟုတ် ရီးရဲလ်မက်ဒရစ်မှာရောက်ရှိနေပါက ရာထူးမှထုတ်ပယ်ခံရဖို့သေချာတယ်လို့ ပြောကြားလာတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ပြီးခဲ့တဲ့ရာသီက မန်စီးတီးမှာသူပြသခဲ့တဲ့စွမ်းဆောင်ရည်မျိုး ဘာစီလိုနာ သို့မဟုတ် ရီးရဲလ်မက်ဒရစ်တို့မှာပြသမိပါက ရာသီမကုန်မီ ၆ လအလိုလောက်မှာပဲ နည်းပြရာထူးကနေထုတ်ပယ်ခံမှာသေချာတယ်လို့ ပြောကြားလာခဲ့ပါတယ်။
လာမယ့်ကြာသပတေးနေ့မှာ မန်စီးတီးဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်ကို ဆန်တီယာဂိုဘာနေဗျူးမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး လက်ရှိအချိန်မှာ ရီးရဲလ်နည်းပြ ဇာဘီအလွန်ဆိုတစ်ယောက် အသင်းရဲ့ဆိုးရွားတဲ့စွမ်းဆောင်ရည်တွေကြောင့် ဖိအားများနေပါတယ်။ ဒါကြောင့် ဂွါဒီယိုလာက သူ့အနေနဲ့အလွန်ဆိုရဲ့အခြေအနေကို စာနာနားလည်ကြောင်းနဲ့ စပိန်ထိပ်သီးကလပ်တွေကိုကိုင်တွယ်ရတဲ့ဖိအားက အခြားဘယ်လိဂ်နဲ့မှမတူညီကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
စပိန်သားနည်းပြက "ကျွန်တော် အလွန်ဆိုနဲ့ ၁ နှစ်ခွဲ၊ ၂ နှစ်လောက်အထိ အလုပ်အတူတူလုပ်ခဲ့ဖူးပါတယ်။ အခုသူကြုံတွေ့နေရတဲ့အရာကိုလည်း ကျွန်တော်ကိုယ်ချင်းစာပါတယ်။ သူနဲ့အတူ အလုပ်လုပ်ခဲ့ရတာက မယုံနိုင်စရာအတွေ့အကြုံတွေပါပဲ"
"ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က နည်းပြတစ်ယောက်အတွက် အခက်ခဲဆုံးကလပ်တွေလို့ ကျွန်တော်ရဲရဲကြီးပြောရဲပါတယ်။ ဖိအားတွေအရမ်းများပြီး ပတ်ဝန်းကျင်အခြေအနေတွေကြောင့်လည်း ပိုပြီးတော့ ခက်ခဲစေတာပါ။ ပြီးခဲ့တဲ့ရာသီက မန်စီးတီးမှာကျွန်တော်လုပ်ခဲ့တဲ့ပုံစံမျိုး ဘာစီလိုနာနဲ့ရီးရဲလ်မှာသွားလုပ်မိရင် ရာသီမကုန်ခင် ၆ လလောက်အလိုမှာပဲ အလုပ်ဖြုတ်ခံရမှာပါ"
"ရီးရဲလ်မက်ဒရစ်က အရမ်းခက်ခဲတဲ့နေရာပါ။ ဒါပေမယ့် ဒါကို အလွန်ဆိုလည်းကောင်းကောင်းသိမှာပါ။ သူ အဲဒီမှာအကြာကြီးနေခဲ့ဖူးပါတယ်။ ရီးရဲလ်မက်ဒရစ်ကခက်ခဲတဲ့နေရာဖြစ်ပေမယ့် နိုင်ပွဲတွေမရရင်တော့ မေးခွန်းထုတ်ခံရမှာပါပဲ"
"ရီးရဲလ်မက်ဒရစ်မှာ ဒဏ်ရာရကစားသမားတွေအများကြီးရှိနေတာ ကျွန်တော်သိပါတယ်။ အသင်းတစ်သင်းကိုစတင်တည်ဆောက်မယ့်အချိန်မှာ ကစားသမားတွေဒဏ်ရာရနေရင် ဘယ်လောက်အထိခက်ခဲသလဲ ကျွန်တော်သိပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့လည်း ဒီလိုပဲကြုံတွေ့ခဲ့ရတာပါ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့နည်းပြတစ်ယောက်အနေနဲ့ သူဒါကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လိုပါတယ်"
"ဒီနေ့ခေတ်မှာ ဘယ်သူမဆိုအနိုင်ရဖို့လိုအပ်နေပါတယ်။ အနိုင်မရရင်တော့ ပြဿနာတက်မှာပါပဲ။ ဒါပေမယ့် အင်္ဂလန်မှာ အဝတ်လဲခန်းအတွင်းဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေက အဲဒီနေရာမှာပဲကျန်ခဲ့ပေမယ့် စပိန်မှာဆိုရင်တော့ ကျွန်တော့်ရဲ့အတွေ့အကြုံအရ အဖြစ်အပျက်တွေအကုန်လုံးကို လူတိုင်းကသိနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။