ယူနိုက်တက်မှာ ရက်ရှ်ဖို့ဒ်ရဲ့ခေတ် ကုန်သွားပြီလို့ ပြောကြားလာတဲ့ မာဖီ
လီဗာပူးတိုက်စစ်မှူးဟောင်း ဒန်နီမာဖီက ဘာစီလိုနာသို့တစ်ရာသီအငှားစာချုပ်နဲ့သွားရောက်ကစားနေတဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်ကြယ်ပွင့် မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လာဖို့ လမ်းစမရှိတော့ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်နဲ့ လမ်းခွဲပြီး ဘာစီလိုနာသို့ ထွက်ခွာလာခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ နည်းပြဟန်ဆီဖလစ်ခ်လက်အောက်မှာ ထိပ်တန်းခြေစွမ်းတွေပြန်လည်ပြသနေပြီး ဒီရာသီ ပြိုင်ပွဲစုံ ၂၇ ပွဲကစားပြီးချိန်မှာ ၇ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၁ ကြိမ်အထိ ပြုလုပ်ထားနိုင်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ နည်းပြ ရူဘင်အာမိုရင်လက်ထက် ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် ဘာစီလိုနာသို့ ထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ယခုအခါမှာ အာမိုရင်က ရာထူးမှထုတ်ပယ်ခံလိုက်ရတာကြောင့် အင်္ဂလန်သားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လာနိုင်တယ်လို့ ထင်ကြေးပေးနေကြပေမယ့် မာဖီကတော့ ပြန်လာဖို့ လမ်းစမမြင်တော့ကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။
မာဖီက "ယူနိုက်တက်ကို မိုက်ကယ်ကာရစ်ပဲဖြစ်ဖြစ်၊ ဘယ်နည်းပြပဲဖြစ်ဖြစ် ကိုင်တွယ်ပါစေ၊ ရက်ရှ်ဖို့ဒ်အပေါ်ထားတဲ့ အသင်းရဲ့သဘောထားကို ပြောင်းလဲနိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ရက်ရှ်ဖို့ဒ်က ယူနိုက်တက်မှာ အခွင့်အရေးတွေအများကြီးရပြီးပါပြီ။ ပြီးတော့ ယူနိုက်တက်ပရိသတ်တွေကလည်း သူ့ကိုစိတ်ပျက်နေကြလို့ ပြန်လာနိုင်ဖို့ လမ်းစမရှိတော့ပါဘူး"
"သူ ဘာစီလိုနာမှာ လွတ်လွတ်လပ်လပ်ကစားခွင့်ရနေပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ လူစားဝင်လာတာကို ကြည့်ရုံနဲ့တင် အရင်နဲ့မတူဘဲ ထက်မြက်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဘယ်သူပဲ နည်းပြဖြစ်လာလာ ယူနိုက်တက်မှာ သူ့ရဲ့ခေတ်ကတော့ ကုန်ဆုံးသွားပါပြီ" လို့ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအနေနဲ့လည်း ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်ထံပြန်လည်စေလွှတ်ဖွယ်မရှိဘဲ ပေါင် ၂၆ သန်းတန် အပြီးသတ်ဝယ်ယူခွင့်ကို ရွေးချယ်ဖို့ အလားအလာများနေတာကြောင့် မာဖီရဲ့စကားက အမှန်ဖြစ်လာဖို့များနေပါတယ်။ ဒါ့အပြင် ဘာစီလိုနာဟာ ရက်ရှ်ဖို့ဒ်ရဲ့ခြေစွမ်းကောင်းလာမှုကို အခွင့်ကောင်းယူပြီး အဆိုပါပြောင်းရွှေ့ကြေးကို ယခုထက်ပိုမို သက်သာအောင် ညှိနှိုင်းသွားဖို့ ပြင်ဆင်နေပါတယ်။