The network connection is lost.

Banner Image

မန်စီးတီးနဲ့ရင်ဆိုင်ရမယ့်ပွဲမတိုင်မီ ဂွါဒီယိုလာကို ခေတ်သစ်ဘောလုံးလောကရဲ့ဗိသုကာလို့ ဆာနေး ချီးကျူး

ယခုတစ်ပတ်ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းဟောင်း မန်ချက်စတာစီးတီးနဲ့ပြန်လည်ရင်ဆိုင်သွားရမယ့် ဂါလာတာစာရေးကြယ်ပွင့် လီရွိုင်ဆာနေးက သူ့ရ့နည်းပြဟောင်း ပက်ဂွါဒီယိုလာဟာ ခေတ်သစ်ဘောလုံးလောကရဲ့ ဗိသုကာဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။ 

လက်ရှိဂါလာတာစာရေးအသင်းမှာ ပရီးမီးယားလိဂ်ကြယ်ပွင့်ကစားသမားဟောင်း ၆ ဦးအထိပါဝင်နေပြီး မန်စီးတီးနဲ့ပွဲစဉ်မှာ ရလဒ်ကောင်းတစ်ခုကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်မှုအပြည့်ရှိနေကြတာဖြစ်ပါတယ်။ အဆိုပါကစားသမားတွေထဲမှာ ဂွါဒီယိုလာနဲ့မန်စီးတီးမှာလက်တွဲခဲ့ဖူးတဲ့ အီလ်ကေးဂန်ဒိုဂန်နဲ့ ဆာနေးတို့လည်း ပါဝင်နေကြတာဖြစ်ပါတယ်။ 

အဆိုပါပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဆာနေးက "ဂွါဒီယိုလာက ခင်ဗျားကို လုံးဝကွဲပြားတဲ့ အားကစားနည်းတစ်ခုကို ပြပေးပါလိမ့်မယ်။ သူက ခေတ်သစ်ဘောလုံးလောကရဲ့ ဗိသုကာတစ်ယောက်ပါ။ သူ့ရဲ့နည်းစနစ်တွေက အတောမသတ်နိုင်အောင်များလွန်းပါတယ်။ သူက ကျွန်တော့်ကို နည်းပြပေးရုံတင်မဟုတ်ဘဲ ကျွန်တော့်ရဲ့ကစားသမားဘဝကိုပါ တိုးတက်ပြောင်းလဲစေခဲ့သူပါ။ သူ့ရဲ့လမ်းညွှန်မှုအောက်ကနေ ထွက်လာရချိန်မှာ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်တောင်မထင်မှတ်ထားလောက်တဲ့အထိ ပြည့်စုံတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

မဲခွဲမှုရလဒ်အရ မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့အပေါ်မှာလည်း ဆာနေးက "အမှန်တိုင်းဝန်ခံရရင် မဲခွဲပြီးချိန်မှာ မန်စီးတီးက ကျွန်တော်တို့နဲ့မတွေ့ခင်မှာပဲ ထိပ်ဆုံး ၈ သင်းစာရင်းထဲပါသွားလောက်ပြီလို့ ထင်ထားခဲ့တာပါ။ ဒါပေမယ့် အခုတော့ ဒီပွဲက ၂ သင်းစလုံးအတွက် အရမ်းအရေးကြီးနေပါပြီ. သူတို့အတွက် အရာအားလုံးကိုအဆုံးအဖြတ်ပေးရမယ့်ပွဲမျိုးမှာ အီတီဟတ်မှာသွားကစားရမှာဆိုတော့ ကျွန်တော်တို့အတွက် ဒီထက်ခက်ခဲတာမရှိတော့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ဂါလာတာစာရေးဟာ ချန်ပီယံလိဂ် လိဂ်အဆင့်ရပ်တည်မှု အသင်းပေါင်း ၃၆ သင်းထဲမှာ အဆင့် ၁၇ နေရာမှာရပ်တည်နေတာကြောင့် ဒီပွဲမှာမရှုံးအောင်ကစားနိုင်ခဲ့မယ်ဆိုရင်တော့ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ ပလေးအော့ဖ်ကစားခွင့်ရသွားမှာဖြစ်ပါတယ်။