The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ရဲ့စွမ်းဆောင်ရည်ပိုင်း အားနည်းချက်တွေရှိခဲ့တယ်လို့ အတိအလင်းဝန်ခံလိုက်တဲ့ အာဘီလိုအာ

စိတ်ပျက်နေတဲ့ ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာက ရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းနိုင်မယ့် မျှော်လင့်ချက်ပျက်ပြယ်ကာ နှစ်ကျော့ကစားရမယ့် ပလေးအော့ဖ်တစ်နေရာနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း သူ့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်း အားနည်းချက်တွေရှိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
အခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ဦးဆောင်ဂိုးသွင်းယူနိုင်ပေမယ့် အဆန်စီယို၊ ရိုဒရီဂိုထုတ်ပယ်ခံရမှုနဲ့အတူ ကစားသမားကိုးဦးဖြင့် ပွဲစဉ်ကို အဆုံးသတ်ခဲ့ရပါတယ်။

ပေါ်တူဂီမြေမှာ ဘင်ဖီကာကို ၄-၂ ဂိုးဖြင့်ရှုံးနိမ့်မှုကြောင့် ချန်ပီယံလိဂ် ၁၅ ကြိမ်ဆုရှင်တွေက ပလေးအော့ဖ်ရှုံးထွက်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပြီး သူတို့ရဲ့ဥရောပပြိုင်ပွဲခရီးလမ်းကို ဆယ်တင်နိုင်ဖို့ ကြိုးစားသွားရပါတော့မယ်။ အာဘီလိုအာက “ စိတ်ကျေနပ်စရာ လုံးဝမရှိပါဘူး။ လုံးဝကို ဆန့်ကျင်ဘက်အခြေအနေဖြစ်ပါတယ်။ ဘယ်လိုအန္တရာယ်ရှိသလဲဆိုတာ သိထားတဲ့ပွဲစဉ်တစ်ခုမှာ ကျွန်တော်တို့ရဲ့အခိုက်အတန့်တွေကို တိုးတက်လာအောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

ဒါဟာ အခုရှုံးပွဲဆီဦးတည်သွားစေတဲ့အရာတစ်ခုလို့ပဲ ပြောချင်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ရှုထောင့်အမြင် အများကြီးရှိတယ်လို့ ထင်ပါတယ်။ တစ်ဦးချင်းရင်ဆိုင်မှုအခက်အခဲတွေ၊ ဘောလုံးပိုင်ဆိုင်ထားချိန်မှာရော ဘောလုံးဆုံးရှုံးချိန်မှာပါ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေ ရှိပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့အနေအထားမျိုးနဲ့ အတော်လေးဝေးကွာနေခဲ့ပါတယ်”လို့ ပြောပါတယ်။

အနီကတ်ပြစ်ဒဏ်တွေအကြောင်း ဆက်လက်ပြောဆိုရာမှာ အာဘီလိုအာရဲ့ဒေါသထွက်မှု ပိုမိုပြင်းထန်လာပါတယ်။ သူက “ တခါတရံမှာ ဘယ်လိုအန္တရာယ်တွေရှိသလဲဆိုတာ သိနေရက်နဲ့ စိတ်ခံစားမှုကို မထိန်းချုပ်နိုင်တဲ့ အခြေအနေတွေ ရှိနိုင်ပါတယ်။ ဒါကသာ အဓိကအချက် ဖြစ်ပါတယ်”လို့ ပြောပါတယ်။

နည်းပြဟောင်းအလွန်ဆိုရဲ့နေရာကိုဆက်ခံပြီးနောက် အာဘီလိုအာက ဒုတိယတန်းကလပ်အယ်လ်ဘာစီတီကို ရှုံးနိမ့်ကာ စပိန်ဘုရင့်ဖလားပြိုင်ပွဲမှ ထွက်ခွာထားရသလို ရီးရဲလ်မက်ဒရစ်ရဲ့ဘောလုံးရာသီ ပြန်လည်ကောင်းမွန်လာအောင်ကြိုးစားချိန် ချန်ပီယံလိဂ်ပလေးအော့ဖ်ရှုံးထွက်ပွဲစဉ်တွေအတွက် ပြင်ဆင်သွားရပါတော့မယ်။