အန်းစလော့ကို ကာကွယ်ပေးကာ သတင်းမီဒီယာကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ ဗန်ဒိုက်
လွန်ခဲ့တဲ့သီတင်းပတ်အတွင်း အန်းစလော့ဆီမေးမြန်းခဲ့တဲ့ မေးခွန်းတစ်ခုနဲ့ပတ်သက်လို့ လီဗာပူးကပ္ပတိန်ဗန်ဒိုက်က သတင်းမီဒီယာကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ မာဆေးလ်ကိုအနိုင်ရရှိခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်အပြီး ရီးရဲလ်မက်ဒရစ်နည်းပြရာထူးစွန့်လွှတ်ခဲ့ရတဲ့ အလွန်ဆိုနဲ့ ဆက်စပ်ကာ အန်းစလော့ဆီမေးမြန်းခဲ့မှုနဲ့ပတ်သက်လို့ ဗန်ဒိုက်က ဒေါသထွက်နေခဲ့ပါတယ်။
သတင်းမီဒီယာတွေက အန်းစလော့ဆီ လီဗာပူးနည်းပြရာထူးအတွက် ရီးရဲလ်မက်ဒရစ်မှထွက်ခွာလာတဲ့ အလွန်ဆိုကို ဆက်သွယ်ခဲ့သလားလို့ မေးမြန်းခဲ့ကြပါတယ်။ ဒီမေးခွန်းအတွက် အန်းစလော့က ရယ်မောနေခဲ့ပေမယ့် ဗန်ဒိုက်ကတော့ ရက်အနည်းငယ်ကြာတဲ့အထိ ဒေါသထွက်နေခဲ့ပါတယ်။
ဗန်ဒိုက်က “ ကျွန်တော်ကတော့ ဒါကို အလွန်အမင်းမခန့်လေးစားလုပ်ရာကျတယ်လို့ ယူဆပါတယ်။ ဝေဖန်မှုဆိုတာ ကစားပွဲရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒါကို အားလုံးလည်း သိထားကြပါတယ်။ ဒါပေမဲ့ အခုတော့ အဲ့ဒီလိုမခန့်လေးစားလုပ်တဲ့သတင်းထောက် ဒီနေရာမှာ မရှိဘူးလို့ ထင်ပါတယ်။
ဝေဖန်မှုဆိုတာ ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုလို့ ထင်ပါတယ်။ ဒီလိုအရာတွေနဲ့ပဲ ကျွန်တော်တို့ ရှင်သန်နေရတာပါ။ အထူးသဖြင့် ပြီးခဲ့တဲ့ဘောလုံးရာသီကိုအခြေခံပြီး အခုဘောလုံးရာသီ၊ ကျွန်တော်တို့လုပ်ဆောင်နေတဲ့အရာတွေကို ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့အတွက် ကံမကောင်းဘူးလို့ပြောတာ မျှတပါတယ်။
ကျွန်တော်တို့တိုးတက်လာရမယ့်အရာတွေအတွက် အပြင်းအထန်ကြိုးစားအားထုတ်ပါတယ်။ ဒါပေမဲ့ နွေရာသီမှာပေါ်ပေါက်လာတဲ့ အပြောင်းအလဲတွေနဲ့အတူ ကစားသမားသစ်တွေရောက်ရှိလာပြီး ကစားဟန်တွေပါ ပြောင်းလဲလာတယ်ဆိုတာ မေ့ထားလို့မရပါဘူး။ ဒီအတွက် ပိုမိုလေ့ကျင့်သွားဖို့ လိုအပ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ကစားသမားတွေနဲ့ နည်းပြအတွက် အလွန်ခက်ခဲတဲ့အပိုင်းကဏ္ဍတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်အရ အန်းစလော့က ဒီအခက်အခဲကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့အတွက် ရလဒ်တစ်ခု ရှိလာခဲ့ပါတယ်။ ဒီရလဒ်တွေကို ကစားသမားတွေ၊ နည်းပြတွေကိုယ်တိုင် ဝေဖန်ဆန်းစစ်ကြပြီး စဉ်ဆက်မပြတ်တိုးတက်လာအောင် လုပ်ဆောင်နေပါတယ်”လို့ ပြောပါတယ်။