The network connection is lost.

Banner Image

အီဆက်ခ်နေရာကို ဖြည့်ဆည်းနိုင်ဖို့ ရုန်းကန်သွားရဦးမယ်လို့ဆိုလာတဲ့ ဟိုဝီ

နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီက အသင်းရဲ့တိုက်စစ်ပိုင်းဟာ လိုအပ်ချက်တွေရှိနေဆဲဖြစ်ကြောင်းနဲ့ လီဗာပူးသို့ထွက်ခွာသွားခဲ့တဲ့ တိုက်စစ်မှူးဟောင်း အလက်ဇန်းဒါးအီဆက်ခ်ရဲ့နေရာကို ဖြည့်ဆည်းဖို့ ရုန်းကန်သွားရဦးမယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နယူးကာဆယ်ဟာ ဘုန်းမောက်ကို ၀-၀ နဲ့သရေကျခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် ၅ ပွဲကစားပြီးချိန်မှာ သရေပွဲ ၃ ပွဲအထိရှိနေခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ၃ စလုံးကို နယူးကာဆယ်ဟာ ဂိုးမရှိသရေပွဲတွေသာကြုံတွေ့ခဲ့ရတာကြောင့် တိုက်စစ်ပိုင်း ဂိုးရဖို့ ရုန်းကန်နေရကြောင်း ထင်ရှားပေါ်လွင်စေခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ နယူးကာဆယ်ဟာ ၅ ပွဲကစား၊ ရမှတ် ၆ မှတ်၊ သွင်းဂိုး ၃ ဂိုးနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာရပ်တည်နေပါတယ်။ ဒါကြောင့် ၅ ပွဲအတွင်း ၃ ဂိုးသာသွင်းယူနိုင်ခဲ့တဲ့ အသင်းရဲ့တိုက်စစ်ဟာ တည်ငြိမ်တဲ့ပုံမှန်ရဖို့လိုအပ်နေတယ်လို့ အက်ဒီဟိုဝီက ပြောကြားခဲ့ပါတယ်။ ဘုန်းမောက်နဲ့ပွဲအပြီးမှာ ဟိုဝီက "ဒီပွဲက ကျွန်တော်တို့ရဲ့ ၃ ပွဲမြောက် ဂိုးမရှိသရေပွဲပါ။ ဒီလိုပွဲတွေက ကျွန်တော်တို့ရဲ့တကယ့်ပုံစံနဲ့ အတော်လေးကို ကွဲပြားခြားနားပါတယ်။ အီဆက်ခ်မရှိတဲ့နောက်မှာ ကျွန်တော်တို့အနေနဲ့ တိုက်စစ်ကစားပုံကို အသစ်ပြောင်းပြီး တည်ငြိမ်တဲ့ပုံစံရရှိအောင်တည်ဆောက်သွားရပါမယ်"

"ကျွန်တော်တို့ မတူညီတဲ့ပုံစံကိုပြောင်းလဲနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပိုကောင်းအောင်လုပ်ပြီး ဂိုးတွေသွင်းနိုင်ဖို့ ကြိုးစားရပါမယ်။ ဒါပေမယ့် ပြောင်းလဲမှုပြုလုပ်ဖို့ အချိန်တစ်ခုတော့ ပေးရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ နယူးကာဆယ်ဟာ အီဆက်ခ်ရဲ့နေရာမှာ တိုက်စစ်မှူးသစ် ဗော့တမာဒါကို အစားထိုးခေါ်ယူထားပေမယ့် ဂျာမန်သားကလည်း လက်ရှိအချိန်မှာ ၁ ဂိုးသာသွင်းယူထားနိုင်တာဖြစ်ပါတယ်။ သို့သော်လည်း ဟိုဝီက "ဗော့တမာဒါက ဒီနေ့မှာ ခြေစွမ်းပြနိုင်ခဲ့တယ်လို့ထင်ပါတယ်။ သူ့ရဲ့ကစားပုံက အသင်းနဲ့အတော်လေးအချိတ်အဆက်မိပါတယ်။ သူ့ရဲ့ပုံစံနဲ့ လိုက်လျောညီထွေဖြစ်ဖို့လည်း ကျွန်တော်တို့ဘက်က ပြန်ကြိုးစားသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ နယူးကာဆယ်ဟာ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် လိဂ်ဝမ်းကလပ် ဘရက်ဒ်ဖို့ဒ်ကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်ပြီး တိုက်စစ်က ဂိုးတွေပြန်လည်သွင်းယူသွားနိုင်မလား စောင့်ကြည့်ရပါမယ်။