နယူးကာဆယ်နဲ့ပွဲကစိတ်ဓာတ်အတိုင်းကစားရင် ပွဲတိုင်းအနိုင်ရနိုင်တယ်လို့ အာမိုရင်အခိုင်အမာပြော
စနေနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်ကို ၁-၀ နဲ့အနိုင်ရပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က အသင်းအနေနဲ့ အခုပွဲစဉ်ကလိုစိတ်ဓာတ်မျိုးနဲ့ကစားပါက ပွဲစဉ်တိုင်းမှာ အနိုင်ရနိုင်တယ်လို့အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်အတွက်အနိုင်ဂိုးကို နောက်ခံလူ ဒေါ်ဂူက အဝေးကန်ချက်နဲ့ လှလှပပသွင်းယူပေးခဲ့တာဖြစ်ပြီး နယူးကာဆယ်ကတော့ တိုက်စစ်ပိုင်းဖြုန်းတီးမှုတွေကြောင့် သရေရလဒ်နဲ့ဝေးကွာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပွဲကစားချိန်မိနစ် ၉၀ အတွင်း ဂိုးပေါက်ခြိမ်းခြောက်မှု ၃ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုမှာလည်း ၃၃.၄ ရာခိုင်နှုန်းသာရှိခဲ့တာကြောင့် ဒီရာသီမှာ အနည်းဆုံးသောပမာဏဖြစ်ခဲ့ပါတယ်။
သို့သော်လည်း ခံစစ်ပိုင်းက ကျစ်ကျစ်လစ်လစ်နဲ့ပိတ်ကစားနိုင်ခဲ့တာကြောင့် ဒီရာသီမှာ ဒုတိယမြောက် ဂိုးမပေးရတဲ့ပွဲစဉ်ကို ပုံဖော်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ နယူးကာဆယ်ကတော့ ဒီပွဲမှာဂိုးပေါက်ခြိမ်းခြောက်မှု ၁၆ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့နောက်တန်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိပါဘူး။
ပွဲအပြီးမှာ အာမိုရင်က "ဒုတိယပိုင်းမှာကျွန်တော်တို့ နောက်တန်း ၆ ယောက်အထိပိတ်ပြီးကစားခဲ့ရပါတယ်။ ဒါပေမယ့် တစ်သင်းလုံးရုန်းကန်ပြီး ပိတ်ကစားခဲ့တာပါပဲ။ ဒါက ကောင်းမွန်တဲ့အချက်ပါ။ ဒီလိုစိတ်ဓာတ်မျိုးနဲ့ဆက်သွားနိုင်ရင် ကျွန်တော်တို့ ပွဲတွေအများကြီးထပ်နိုင်ဦးမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လအတွင်း အာမိုရင်က ဒေါ်ဂူရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုအချို့ပြုလုပ်ခဲ့ပေမယ့် ယခုအခါမှာတော့ ကစားသမားရဲ့တိုးတက်မှုကို ချီးကျူးပြောဆိုခဲ့ပါတယ်။ ပေါ်တူဂီသားနည်းပြက "ဒါက ကစားသမားတွေရဲ့သဘာဝပါပဲ။ ကောင်းတဲ့အချိန်ရှိသလို၊ ရုန်းကန်ရတဲ့အချိန်လည်း ရှိတတ်ပါတယ်။ ဒီနေ့ပွဲကတော့ သူ့ရဲ့ပွဲဖြစ်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။