The network connection is lost.

Banner Image

ယူနိုက်တက်အတွက် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့လို့ ဝမ်းသာမိကြောင်းဖွင့်ဟလာတဲ့ ဒေါ်ဂူ

စနေနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်ကို ၁-၀ နဲ့အနိုင်ရပြီးနောက် မန်ချက်စတာယူနိုက်တက်နောက် နောက်ခံလူ ဒေါ်ဂူက အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့လို့ ဝမ်းသာဂုဏ်ယူမိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ယူနိုက်တက်အတွက်အနိုင်ဂိုးကို နောက်ခံလူ ဒေါ်ဂူက အဝေးကန်ချက်နဲ့ လှလှပပသွင်းယူပေးခဲ့တာဖြစ်ပြီး နယူးကာဆယ်ကတော့ တိုက်စစ်ပိုင်းဖြုန်းတီးမှုတွေကြောင့် သရေရလဒ်နဲ့ဝေးကွာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပွဲကစားချိန်မိနစ် ၉၀ အတွင်း ဂိုးပေါက်ခြိမ်းခြောက်မှု ၃ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုမှာလည်း ၃၃.၄ ရာခိုင်နှုန်းသာရှိခဲ့တာကြောင့် ဒီရာသီမှာ အနည်းဆုံးသောပမာဏဖြစ်ခဲ့ပါတယ်။

သို့သော်လည်း ခံစစ်ပိုင်းက ကျစ်ကျစ်လစ်လစ်နဲ့ပိတ်ကစားနိုင်ခဲ့တာကြောင့် ဒီရာသီမှာ ဒုတိယမြောက် ဂိုးမပေးရတဲ့ပွဲစဉ်ကို ပုံဖော်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ နယူးကာဆယ်ကတော့ ဒီပွဲမှာဂိုးပေါက်ခြိမ်း‌ခြောက်မှု ၁၆ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့နောက်တန်းကို ကျော်ြဖတ်နိုင်ခဲ့ခြင်းမရှိပါဘူး။ 
ပွဲအပြီးမှာ ဒေါ်ဂူက "တကယ်ကို ကောင်းမွန်တဲ့ ကန်ချက်တစ်ခုပါ။ ကျွန်တော် အဲဒီလို ကန်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ်တောင် မသိခဲ့ဘူး၊ ဒါပေမဲ့ ဒီကွင်းကြီးထဲမှာ ကျွန်တော့်ရဲ့ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့လို့ တကယ်ပဲ ဝမ်းသာပါတယ်။ တကယ်ကို အံ့သြဖို့ကောင်းပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

"နည်းပြ (အာမိုရင်) ပြောထားတဲ့အတိုင်း ကျွန်တော့်ရဲ့ ယုံကြည်မှု ပိုင်းကို မြှင့်တင်ဖို့ပဲ အာရုံစိုက်ခဲ့ပါတယ်။ ဒီနေ့မှာ ကျွန်တော် ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဘောလုံးကျလာတာကို မြင်လိုက်တယ်၊ အဲဒါနဲ့ပဲ တန်းကန်လိုက်တာပါပဲ။" "လေ့ကျင့်ရေးကွင်းမှာလည်း ဒါကို အမြဲလေ့ကျင့်နေကျဖြစ်လို့ အဲဒါက ကျွန်တော့်ကို အများကြီး အထောက်အကူဖြစ်စေခဲ့တာပါ" လို့ သူက ဆက်ပြောပါတယ်။

ယူနိုက်တက်မန်နေဂျာ အာမိုရင်ကလည်း ဒေါ်ဂူနဲ့ ပတ်သက်ပြီး "သူ့အတွက် တကယ်ဝမ်းသာပါတယ်၊ အခက်အခဲတွေ ရှိနေပေမယ့် ဒီနေ့ပွဲမှာ တကယ်ကို ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တဲ့ မန်နျူရယ်လ် အူဂါတေးအတွက်လည်း ဝမ်းသာပါတယ်။ လူစားလဲခုံက ကစားသမားတွေ ပွဲအပေါ် စိတ်ဝင်တစားရှိနေတာကိုလည်း ကျွန်တော် သဘောကျပါတယ်။ အားလုံးက ခေါင်းဆောင်မှုကဏ္ဍကနေ ပါဝင်ခဲ့ကြပြီး နိုင်ပွဲရဖို့ ကူညီပေးခဲ့ကြတာပါ" လို့ ဆိုပါတယ်။

"ပထမဆုံးအနေနဲ့ ကစားသမားတွေဟာ ကျွန်တော်နဲ့ နေ့တိုင်း အတူရှိနေတာပါ။ ကျွန်တော် တစ်ခုခုပြောရင် သူတို့ကောင်းဖို့အတွက် ပြောတယ်ဆိုတာ သူတို့ သိပါတယ်။ ကျွန်တော့် ကစားသမားတွေကို အဆုံးအထိ ကာကွယ်ပေးမှာဖြစ်ပေမယ့် ကျွန်တော်က ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူဖြစ်လို့ ဒါကို ပရိသတ်တွေ နားလည်ဖို့လည်း အရေးကြီးပါတယ်။"

"ဒါကို ပြဿနာလို့ ကျွန်တော် မမြင်ပါဘူး။ ဒီနေ့မှာ ဒေါဂူကို နေရာအသစ်မှာ ကစားစေခဲ့တယ်။ အဲဒီနေရာက သူအမှားလုပ်ခဲ့ရင်တောင် အသင်းအတွက် သိပ်ပြီး အန္တရာယ်မရှိသလို သူကလည်း ပိုပြီးစွန့်စားကစားနိုင်မယ့် နေရာမျိုးပါ။ အဲဒီအချက်ကပဲ ပတ်ထရစ်ကို ကောင်းကောင်းကစားနိုင်အောင် ကူညီပေးခဲ့တာဖြစ်ပါတယ်" လို့ အာမိုရင်က ပြောကြားသွားခဲ့ပါတယ်။