The network connection is lost.

Banner Image

မန်စီးတီးကစားသမားသစ်ဆီမန်ညိုရဲ့အရည်အသွေးတစ်ခုကို ပက်ဂွါဒီယိုလာ စိတ်မဝင်စား

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ကစားသမားသစ်ဆီမန်ညိုရဲ့လက်ပစ်ဘောအဝေးပစ်စွမ်းရည်အပေါ် စိတ်မဝင်စားဘူးလို့ အတိအလင်းပြောကြားခဲ့ပါတယ်။ ဆီမန်ညိုက ပေါင် ၆၄ သန်းတန်သဘောတူညီမှုဖြင့် ဘုန်းမောက်မှ အီတီဟတ်ဆီ ရောက်ရှိလာခဲ့ပါပြီ။ မန်စီးတီးက မန်ချက်စတာယူနိုက်တက်၊ လီဗာပူး၊ ချဲလ်ဆီးအပါအဝင် ပြိုင်ဘက်တွေကို ကျော်ဖြတ်ကာ ဆီမန်ညိုကို အမိအရခေါ်ယူနိုင်ခဲ့ပါတယ်။

လက်ရှိရွှေဖိနပ်ဆုပြိုင်ပွဲရဲ့တတိယနေရာမှာ သွင်းဂိုး ၁၀ ဂိုးနဲ့ ရပ်တည်နေသလို ဂိုးဖန်တီးမှုငါးကြိမ်ပါ ပြုလုပ်ထားနိုင်တဲ့ ဂါနာလက်ရွေးစင်ကစားသမားက မန်စီးတီးတိုက်စစ်ပိုင်းအတွက် အင်အားသစ်တွေ ယူဆောင်လာမယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ သူ့ရဲ့လက်ပစ်ဘောအဝေးပစ်စွမ်းရည်ကိုတော့ ပက်ဂွါဒီယိုလာ သိပ်စိတ်မဝင်စားပါဘူး။ ဆီမန်ညိုရဲ့လက်ပစ်ဘောအဝေးပစ်စွမ်းရည်နဲ့ပတ်သက်လို့ ပက်ဂွါဒီယိုလာက “ ကျွန်တော့်မှာ အဲ့ဒီအရာထက် ဦးစားပေးရမယ့်ကိစ္စတွေ အများကြီးရှိပါတယ်”လို့ ပြောပါတယ်။

ဒါကြောင့် အခုအချိန်မှာ ဆီမန်ညိုက အာရီယိုလာလက်အောက်မှာလို လက်ပစ်ဘောပေးပို့ရသူတာဝန်ကို ဆက်လက်ထမ်းဆောင်ရမယ့်အလားအလား နည်းပါးသွားပါပြီ။ ဆက်လက်ပြီး ကတ္တလန်သားနည်းပြက “ အသင်းကိုတိုးတက်အောင်လုပ်ဖို့ဆိုတာ ပြဿနာကြီးကြီးမားမား မဟုတ်ပါဘူး။ အသေးစိတ်အချက်အလက်တစ်ခုသာဖြစ်ပြီး ဒီအကြောင်းအရာကို ကျွန်တော်တို့ စဉ်းစားဆွေးနွေးပါတယ်။ ဒါပေမဲ့ ဒါက အဓိကအချက်လည်း ဖြစ်ပါတယ်။

သုံးရက်တစ်ပွဲနှုန်းကစားနေရလို့ ကျွန်တော်တို့မှာ အချိန်အများကြီးမရှိပါဘူး။ ဦးစားပေးကိစ္စတွေရွေးချယ်ဖို့ လိုအပ်ပြီး အဲ့ဒီဦးစားပေးကိစ္စတွေထဲမှာ လက်ပစ်ဘောအကြောင်းအရာ မပါဝင်ပါဘူး။
အချိန်ရလို့ တစ်နေ့နေ့ကျရင်တော့ ကျွန်တော်တို့ ဆွေးနွေးကောင်းဆွေးနွေးနိုင်ပါတယ်။ ဒါပေမဲ့ အသင်းကို တိုးတက်အောင်လုပ်ဖို့အတွက် ပိုအရေးကြီးတဲ့အရာတွေ ရှိပါတယ်”လို့ ဆိုပါတယ်။

အင်္ဂလန်ရဲ့အောက်တန်းလိဂ်တွေမှာပါ ကစားခဲ့ဖူးတဲ့ ဆီမန်ညိုအတွက် ထိပ်ဆုံးအဆင့်ဆီ ရောက်ရှိဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဒါနဲ့ပတ်သက်လို့ ပက်ဂွါဒီယိုလာက “ ဆုတ်ယုတ်မှုတွေ၊ အခက်အခဲတွေဆိုတာ ဘောလုံးသမားတွေကို ဖန်တီးပေးပါတယ်။ ဆီမန်ညိုတင်မက ကစားသမားတိုင်းကို သူတို့ဖြစ်စေချင်သလို ဖြစ်လာစေပါတယ်။ ဒါက ထိုက်တန်တဲ့ရပ်တည်ချက်ခိုင်မာမှုပါ။ အစဉ်မပြတ်ဆက်လက်တူးဆွနေရပါမယ်။ ပြီးတော့ အဆုံးမှာ ဘာတွေဖြစ်လာမလဲဆိုတာ မြင်တွေ့ရပါမယ်။

အခုအချိန်မှာ သူကိုယ်တိုင်လည်း ငါတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကစားရတော့မယ်လို့ တွေးနေနိုင်ပါတယ်။ ပြီးတော့ ဒီစိတ်အားထက်သန်မှု၊ ဥရောပအဆင့်ပြိုင်ပွဲတွေမှာကစားချင်တဲ့ စိတ်အားထက်သန်မှု။ ဒါက အံ့မခန်းပါပဲ၊ ကျွန်တော်တို့တွေ ဒီစိတ်အားထက်သန်မှုကို သယ်ဆောင်သွားရပါမယ်။ အရာအားလုံးက ဘဝရဲ့စိတ်အားထက်သန်မှုနဲ့ မေတ္တာတရားအကြောင်းပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီအရာတွေကို ဆီမန်ညိုကိုယ်တိုင် ကျွန်တော်တို့ဆီ သယ်ဆောင်လာပါလိမ့်မယ်”လို့ ပြောပါတယ်။