The network connection is lost.

Banner Image

အက်စတွန်ဗီလာကို ဘာကြောင့်ရွေးချယ်ခဲ့သလဲ ရှင်းပြလိုက်တဲ့ ရက်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်ကနေထွက်ခွာပြီး ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာသို့ပြောင်းရွှေ့ခဲ့တဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်က သူ့အနေနဲ့ ဥရောပထိပ်သီးကလပ်တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ အေစီမီလန်တို့ရဲ့စိတ်ဝင်စားမှုတွေကို ပယ်ချပြီး ဘာကြောင့် ဗီလာကိုရွေးချယ်ခဲ့သလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပါတယ်။ 

မန်ချက်စတာယူနိုက်တက်နည်းပြသစ် ရူဘင်အာမိုရင်ရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် ရက်ရှ်ဖို့ဒ်တစ်ယောက် အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ဆုံးဖြတ်ခဲ့ပြီး အက်စတွန်ဗီလာသို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။အင်္ဂလန်သားဟာ ၂၀၂၄-၂၅ ရာသီကုန်အထိ ဗီလာပါ့ခ်မှာနေထိုင်သွားမှာဖြစ်ပြီး စာချုပ်ပါအချက်အလက်တွေအရ ဗီလာဟာ ကစားသမားကို ပေါင်သန်း ၄၀ နဲ့အပြီးသတ်ခေါ်ယူနိုင်ခွင့်လည်း ရှိနေတယ်လို့သိရပါတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပဲ ယူနိုက်တက်ကနေထွက်ခွာဖို့ သတင်းကြီးနေခဲ့ပြီး အေစီမီလန်နဲ့ ဘာစီလိုနာတို့က ပစ်မှတ်ထားစောင့်ကြည့်နေခဲ့ကြတာဖြစ်ပါတယ်။ သို့သော်လည်း နောက်ဆုံးမှာတော့ ကစားသမားဟာ ပရီးမီးယားလိဂ်မှာပဲ ဆက်လက်နေထိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ယခုအခါမှာတော့ အက်စတွန်ဗီလာကိုရွေးချယ်ဖြစ်ခဲ့ပုံကို အသက်-၂၇ နှစ်အရွယ်ကစားသမားက “ဒီအသင်းက ပရီးမီးယားလိဂ်မှာ အဆင့်အတန်းရှိတဲ့အသင်းတစ်သင်းပါ။ ပြီးတော့ အခုထက်ပိုပြီးတိုးတက်ဖို့လည်း ကြိုးစားနေကြပါတယ်။ ပြီးတော့ ချန်ပီယံလိဂ်မှာလည်း ၁၆ သင်းအဆင့်အထိတက်ရောက်ထားပြီး နည်းပြနဲ့ ကစားသမားတွေရဲ့ရည်မှန်းချက်ကလည်း မြင့်မားပါတယ်”

“ကျွန်တော့်အနေနဲ့ ခြေစွမ်းတိုးတက်ဖို့နဲ့ ကျွန်တော့်ရဲ့ပုံစံအတိုင်းကစားနိုင်ဖို့ဆိုရင် ဒီအသင်းက ပြီးပြည့်စုံတဲ့အသင်းတစ်သင်းပါပဲ။ သူတို့က ကျွန်တော်တို့ကို တိုးတက်ဖို့အကူအညီပေးနိုင်ပါတယ်။ အခုက ကာလတိုအငှားစာချုပ်ပဲဖြစ်ပေမယ့် ဒီအသင်းကိုအစွမ်းကုန်ကူညီဖို့ ဆုံးဖြတ်ထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာတော့ အက်စတွန်ဗီလာဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် တော့တင်ဟမ်ကို အိမ်ကွင်းဗီလာပါ့ခ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ရက်ရှ်ဖို့ဒ်အနေနဲ့ သူ့ရဲ့ပွဲဦးထွက်ပွဲစဉ်အဖြစ် ပါဝင်ကစားလာနိုင်ချေရှိပါတယ်။