ပီဒရီရဲ့ကစားဟန်က သူနဲ့တူတယ်လို့ ဝန်ခံပြောကြားလိုက်တဲ့ ဘာစီလိုနာဂန္ထဝင် ဇာဗီ
ဘာစီလိုနာအသင်းရဲ့ နည်းပြဟောင်း ဇာဗီက ကွင်းလယ်လူ ပီဒရီရဲ့ ကစားပုံတွေထဲမှာ သူ့ရဲ့ပုံစံတွေကို အများကြီး ပြန်မြင်နေရတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ဇာဗီဟာ ဘာစီလိုနာအသင်းကို ကိုင်တွယ်ခဲ့စဉ်က ဒရီနဲ့ အတူတူ လက်တွဲခဲ့ဖူးသူဖြစ်ပြီး အခုခေတ်ကစားသမားတွေထဲမှာ သူ့ရဲ့ကစားဟန်နဲ့ တူတဲ့သူရှိလားလို့ မေးမြန်းရာမှာတော့ ဒီစပိန်ကွင်းလယ်လူကို အမည်တပ် ရွေးချယ်ပြောဆိုခဲ့တာပါ။
သူက ရိုမာရီယိုရဲ့ YouTube ချန်နယ်မှာ "ပီဒရီ ရှိမယ်၊ ဗီတင်ညာ ရှိမယ်၊ ပြီးတော့ မက်အယ်လစ္စတာ တို့လည်း ရှိပါတယ်..." လို့ ပြောခဲ့ပါတယ်။
"ကျွန်တော့်အမြင်အရတော့ သူတို့ဟာ အသင်းလိုက်ကစားပုံကို ကောင်းကောင်းနားလည်တဲ့အတွက် အကောင်းဆုံးကစားသမားတွေထဲမှာ ပါဝင်နေတာပါ။ သူတို့တွေဟာ ဘောလုံးတစ်လုံးကို ပေးလိုက်ပြီဆိုတာနဲ့ နောက်ထပ် ဘာဆက်လုပ်ရမလဲ၊ ဒါမှမဟုတ် နှစ်ယောက်တစ်ယောက် အပေးအယူလုပ်ကစားတာမျိုး (double pass) ကိုပါ ကြိုတင်စဉ်းစားထားပြီးသား ဖြစ်နေတတ်ကြပါတယ်" လို့ ဆိုပါတယ်။
"သူတို့က ဘောလုံးကို ပေးရုံသက်သက်ပဲ ပေးတာမဟုတ်ဘဲ ဂိမ်းကစားပုံ တစ်ခုလုံးကို နားလည်နေတာပါ။ ဥပမာပြောရရင် ဒရီမှာ အဲဒီလို အရည်အချင်းမျိုး ရှိပါတယ်"။
"ဒါ့အပြင် ဖရန်ကီဒီယောင်လည်း အတူတူပါပဲ၊ သူ့ကို လူတွေက ထိုက်တန်သလောက် အသိအမှတ်မပြုကြဘူး (underrated) လို့ ကျွန်တော်ထင်ပါတယ်။ သူဟာလည်း ကျွန်တော့်ရဲ့ အရင်က ကစားဟန်နဲ့ ဆင်တူတဲ့ ကစားသမားတစ်ယောက်ပါ" လို့ ဇာဗီက ဆက်လက်ပြောကြားခဲ့ပါတယ်။