The network connection is lost.

Banner Image

ကတ်စ်မဲရိုးလို ကစားသမားမျိုး ယူနိုက်တက်အတွက် မဖြစ်မနေလိုအပ်တယ်လို့ ဆက်စ်ကို ဝန်ခံ

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ဘင်ဂျမင်ဆက်စ်ကိုက ဘရန်ဖို့ဒ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကတ်စ်မဲရိုးကို ချီးကျူးစကားဆိုလိုက်ပါတယ်။

ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်လို့ ယူနိုက်တက်ဂျာစီနဲ့ နောက်ဆုံးပွဲစဉ်အနည်းငယ်ကို ကစားနေရပြီဖြစ်တဲ့ ကတ်စ်မဲရိုးဟာ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် တွန်းအားပေးနေပြီး အရှုံးမပေးဘဲ အစွမ်းကုန် ကြိုးစားနေဆဲပါ။

ဒီဘရာဇီးသားဟာ ဘရန်ဖို့ဒ်နဲ့ပွဲမှာ သူ့ရဲ့ ဒီရာသီ ၈ ဂိုးမြောက်ဂိုးကို သွင်းယူခဲ့ပြီး ယာယီနည်းပြ မိုက်ကယ်ကားရစ်လက်ထက်မှာ သူ့ရဲ့တန်ဖိုးကို ထပ်မံသက်သေပြခဲ့ပါတယ်။ ဒါဟာ ဒီနွေရာသီမှာ သူထွက်ခွာသွားမယ့်အပေါ် ပိုပြီးနှမြောစရာကောင်းစေပါတယ်။

အသက် ၃၄ နှစ်အရွယ် ကစားသမားဟာ ကားရစ်လက်ထက်မှာ တကယ့်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပြီး ၃ မှတ်ရယူနိုင်ခဲ့တဲ့ပွဲအပြီးမှာတော့ အသင်းရဲ့ ခြေစွမ်းပြန်တက်လာမှုအတွက် ဒီဝါရင့်ကစားသမားဟာ မရှိမဖြစ်လိုအပ်တယ်လို့ ဆက်စ်ကိုက ချီးကျူးခဲ့ပါတယ်။

"သူက အလုပ်လုပ်တဲ့စက်ကြီးပါပဲ" လို့ ဆက်စ်ကိုက ပြောပါတယ်။ "ကွင်းထဲမှာ သူပေးဆပ်ကစားပုံတွေက မယုံနိုင်စရာပဲ။ ခင်ဗျားတို့မှာ ဒီလိုလူမျိုး တကယ်လိုအပ်ပါတယ်။"

"ကံမကောင်းစွာနဲ့ သူထွက်သွားတော့မယ်၊ ဒါပေမဲ့ နောက်ဆုံးမိနစ်အထိ သူ့ကို အသင်းအတွက် အသုံးပြုနိုင်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။ ကျွန်တော်တို့ သူ့ကို ဆက်ပြီး အားကိုးသွားမှာပါ။"

"သူ့ကို ကြည့်ပြီး အတုယူဖို့က တကယ် အရေးကြီးတယ် သိလား။ အလုပ်အပေါ်ထားတဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ပတ်သက်ရင် သူ့ဆီကနေ အတုမယူဘူးဆိုရင် လူမိုက်ဖြစ်သွားမှာပေါ့။ သူ ဒီမှာရှိနေတဲ့အတွက် လူတိုင်း ဝမ်းသာနေကြတယ်လို့ ကျွန်တော် ထင်ပါတယ်။"

တနင်္လာနေ့က သူ့ရဲ့ ၁၀ ဂိုးမြောက် ပရီးမီးယားလိဂ်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဆက်စ်ကိုဟာ ၂၀၁၃ ခုနှစ် ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက်ပိုင်း ၁၃ ရာသီအတွင်း ၅ ကြိမ်မြောက်အဖြစ် အဆင့် ၃ အတွင်း ဝင်နိုင်ဖို့ ယူနိုက်တက်ကို ကူညီပေးခဲ့ပါတယ်။