ဘာစီလိုနာက အပြီးသတ်ခေါ်ယူဖို့မသေချာပေမယ့် စိတ်ပူခြင်းမရှိတဲ့ ရက်ရှ်ဖို့ဒ်
မားကပ်စ်ရပ်ရှ်ဖို့ဒ်ကတော့ သူ့ကို အပြီးသတ်ခေါ်ယူမယ့် အပြောင်းအရွှေ့ သဘောတူညီချက်တွေကို ဘာစီလိုနာဘက်က ပြန်လည်သုံးသပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပေမဲ့ အေးအေးဆေးဆေးပဲ ရှိနေပါတယ်။
ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်ကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ရပ်ရှ်ဖို့ဒ်ကို ဘာစီလိုနာအသင်းက သဘောတူထားတဲ့အတိုင်း ယူရို ၃၀ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့် ရှိနေတာပါ။
ဒါပေမဲ့ ဘာစီလိုနာက ဒီနွေရာသီမှာ အပြီးသတ်ဝယ်ယူမယ့်အစား အငှားသက်တမ်းကို နောက်ထပ် ၁၂ လ ထပ်တိုးဖို့အတွက် သဘောတူညီချက်ကို ပြန်လည်ညှိနှိုင်းဖို့ ကြိုးစားနေပါတယ်။
BBC Sport ရဲ့ ဖော်ပြချက်အရ ရပ်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာရဲ့ အစီအစဉ်တွေကို သိရှိထားပေမဲ့ စိုးရိမ်ပူပန်နေခြင်း မရှိဘူးလို့ သိရပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ ဘာစီလိုနာမှာ ရေရှည်ဆက်ရှိနေဖို့ ဆန္ဒရှိနေပြီး ကလပ်နှစ်သင်းကြားမှာ ပြေလည်တဲ့ အဖြေတစ်ခု ထွက်ပေါ်လာလိမ့်မယ်လို့လည်း ယုံကြည်နေပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ စနေနေ့က ဂီတာဖေးကို အနိုင်ရခဲ့တဲ့ပွဲမှာ လာလီဂါဇယားထိပ်ဆုံးက ဘာစီလိုနာအသင်းအတွက် ဂိုးထပ်မံသွင်းယူပေးခဲ့ပါသေးတယ်။