ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေလှုပ်ခတ်သွားပေမဲ့ တည်တည်ငြိမ်ငြိမ်ရှိကြဖို့ အမ်မရီ တိုက်တွန်း
ဒီနေ့ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက စိတ်အေးအေးထားပြီး တည်တည်ငြိမ်ငြိမ်ရှိကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အဲ့ဒီပွဲရှုံးနိမ့်မှုကြောင့် ဗီလာအသင်းဟာ ပရီမီယာလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၅) နေရာကို ဆင်းပေးလိုက်ရတာပါ။
လက်ရှိမှာတော့ သူတို့ဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် နော့တင်ဟမ်ဖောရက်စ်အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အမ်မရီကတော့ ဗီလာအနေနဲ့ ပြိုင်ပွဲနှစ်ခုစလုံးမှာ အစွမ်းကုန် ဆက်လက်ကြိုးစားသွားရမယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
၎င်းက “စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ။ အခြေအနေက ခက်ခဲနေဆဲဖြစ်ပြီး ဒါက ကျွန်တော့်ရဲ့ သတင်းစကားပါပဲ။ ကျွန်တော်တို့တွေ ပရီမီယာလိဂ်မှာ အာရုံစိုက်ပြီး ဆက်လက်တိုက်ပွဲဝင်သွားရပါမယ်။ လာမယ့်အပတ် ယူရိုပါလိဂ်မှာတော့ နော့တင်ဟမ်နဲ့ သွားရောက်ကစားရမှာဖြစ်ပြီး အဲ့ဒီပွဲကိုပဲ အာရုံစိုက်သွားမှာပါ။ ဗိုလ်လုပွဲတက်လှမ်းနိုင်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေး ၂၅ ရာခိုင်နှုန်း ရှိပါတယ်။ ကျန်တဲ့အသင်း ၃ သင်းမှာလည်း အခွင့်အရေး ၂၅ ရာခိုင်နှုန်းစီ ရှိနေတာပါ။ လာမယ့် ကြာသပတေးနေ့ပွဲအတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်စရာတွေ ရှိနေသေးသလို ပရီမီယာလိဂ်ကလည်း မပြီးဆုံးသေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။