အိုလီစီကိုရရှိဖို့အတွက် ဂတ်ပိုအပြင် ပြောင်းရွှေ့ကြေးတောင်းသလောက်ပေးလိုက်ဖို့ လီဗာပူးဆီ တိုက်တွန်းချက် ထွက်ပေါ်
လီဗာပူးကစားသမားဟောင်းပီးနန့်က ဘိုင်ယန်မြူးနစ်တောင်ပံကစားသမားအိုလီစီကို အမိအရခေါ်ယူဖို့ သူ့ရဲ့အသင်းဟောင်းဆီ တိုက်တွန်းပြောကြားလိုက်ပါတယ်။
အိုလီစီက အခုဘောလုံးရာသီ၊ ဥရောပရဲ့အတောက်ပဆုံးကစားသမားတွေအနက် တစ်ဦးအဖြစ် ပါဝင်နေပြီး နည်းပြကွန်ပနီရဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၄၇ ပွဲကစားထားရာမှာ ဂိုး ၂၀ သွင်းယူပြီး ဂိုးဖန်တီးမှု ၂၉ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။
ပြီးခဲ့တဲ့အင်္ဂါညပိုင်း၊ ပီအက်စ်ဂျီကို ၅-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ပြင်သစ်လူငယ်ကစားသမားက တစ်ဂိုးသွင်းယူခဲ့သလို ပြိုင်ဘက်ကစားသမားတွေကို ၇ ကြိမ်အထိ အောင်အောင်မြင်မြင် ကျော်ဖြတ်ပြခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်၊ ခရစ္စတယ်ပဲလေ့စ်မှ ပေါင်သန်း ၆၀ ဖြင့် ဂျာမနီဆီ ပြောင်းရွှေ့ခဲ့တဲ့ အိုလီစီက အခုဆိုရင် ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားတွေအနက် တစ်ဦး ဖြစ်လာခဲ့ပါပြီ။
လက်ရှိမှာတော့ အသင်းမှထွက်ခွာတော့မယ့် မိုဆာလက်ရဲ့နေရာမှာ အစားထိုးနိုင်မယ့်ကစားသမား ရှာဖွေနေတဲ့ လီဗာပူးအသင်းဆီ ပီးနန့်က အိုလီစီကို အစွမ်းကုန်ကြိုးစားပြီး အရခေါ်ယူဖို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှတဆင့် တိုက်တွန်းလိုက်ပါတယ်။
"လီဗာပူးအသင်းကိုယ်တိုင် အခုချက်ချင်းပဲ အိုလီစီကို ဘယ်လောက်ပဲပေးရပါစေ၊ အရခေါ်ယူလိုက်ပါ။ သူက မိုဆာလက်ရဲ့နေရာမှာ အစားထိုးဖို့ အသင့်တော်ဆုံးသူ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ပေးရပါစေ၊ လိုအပ်ရင် ဂတ်ပိုကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းသင့်ပါတယ်" လို့ ၎င်းက ရေးသားခဲ့ပါတယ်။
အိုလီစီက ဘိုင်ယန်မြူးနစ်နဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပြီး ဘိုင်ယန်အမှုဆောင်အရာရှိချုပ် ရရူမင်နစ်ဂီကလည်း ကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်လို့ မကြာသေးခင်ကပဲ ပြတ်ပြတ်သားသားပြောကြားခဲ့ပါတယ်။
"ဒီမှာရေးသားထားတဲ့ စည်းမျဉ်းက အခုထိ ရှိနေတုန်းပါပဲ။ အိုလီစီလို ကစားသမားမျိုးအတွက် ကျွန်တော်တို့ကို တုန်လှုပ်သွားစေမယ့်၊ ရောင်းချချင်စိတ်ပေါက်စေမယ့် ပြောင်းရွှေ့ကြေးဆိုတာ မရှိပါဘူး" လို့ ဆိုပါတယ်။