The network connection is lost.

Banner Image

လီဗာပူးတိုက်စစ်မှူးမိုဆာလက်ရဲ့ဒဏ်ရာ ထင်သလောက် မပြင်းထန်ဘဲ ရာသီမကုန်ခင် ပြန်ကစားနိုင်ဖွယ်ရှိ

လီဗာပူးတိုက်စစ်မှူးမိုဆာလက်က အခုဘောလုံးရာသီမှာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖို့ နီးစပ်နေပြီး သူ့ရဲ့ကြွက်သားဒဏ်ရာဟာ အစောပိုင်းခန့်မှန်းခဲ့သလို ပြင်းထန်မှုမရှိဘူးလို့ ဗုဒ္ဓဟူးနေ့မှာ အသင်းဘက်မှ အတည်ပြုပြောကြားခဲ့ပါတယ်။ 

ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ မိုဆာလက်က တံကောက်ကြောဒဏ်ရာလို့ယူဆရတဲ့ အခြေအနေနဲ့အတူ လူစားလဲလှယ်ခဲ့ရပြီး ဒီဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရနိုင်ရုံမက အခုဘောလုံးရာသီကုန်ဆုံးချိန်၊ အန်ဖီးလ်မှထွက်ခွာမယ့် သူ့အတွက် လီဗာပူးကစားသမားဘဝကိုပါ အဆုံးသတ်သွားနိုင်တယ်လို့ စိုးရိမ်ခဲ့ကြပါတယ်။

အီဂျစ်လက်ရွေးစင်အသင်းဒါရိုက်တာအီဘရာဟင်ဟက်ဆန်ကတော့ မိုဆာလက်ရဲ့အခြေအနေနဲ့ပတ်သက်လို့ တံကောက်ကြောဒဏ်ရာကြောင့် လေးပတ်ကြာကုသမှုခံယူရဖို့ရှိသလို ကမ္ဘာ့ဖလားမတိုင်ခင်မှာ သူ့ရဲ့ဘောလုံးရာသီ အဆုံးသတ်သွားပြီလို့ ပြောဆိုခဲ့ပေမဲ့ လီဗာပူးအသင်းဘက်ကတော့ ဒါဟာ သာမန်ကြွက်သားဒဏ်ရာလေးသာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

"မိုဆာလက်အနေနဲ့ အခုဘောလုံးရာသီမကုန်ဆုံးခင် ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ရကြောင်း လီဗာပူးအသင်းက အတည်ပြုနိုင်ပါတယ်" လို့ အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

"အခုတော့ သူ့ကို လူစားလဲခဲ့ရတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ ဒဏ်ရာက သာမန်ကြွက်သားဒဏ်ရာအဆင့်ပဲရှိတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါပြီ။ မိုဆာလက်ကို ၂၀၂၅-၂၆ ရာသီမကုန်ဆုံးခင်နဲ့ ဒီနွေရာသီမှာ လီဗာပူးအသင်းမှ မထွက်ခွာခင် ကွင်းထဲမှာ ပြန်မြင်တွေ့ရနိုင်တယ်လို့ ခန့်မှန်းရပါတယ်" လို့လည်း ဆိုပါတယ်။ 

'အီဂျစ်ဘုရင်' လို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ မိုဆာလက်က လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ ၄၄၀ ပွဲ ကစားပေးထားပြီး ၂၅၇ ဂိုးအထိ သွင်းယူပေးထားကာ အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားစာရင်းရဲ့တတိယနေရာမှာ ရပ်တည်နေပါတယ်။ 

လတ်တလောမှာ လီဗာပူးက ၅၈ မှတ်နဲ့ အမှတ်ပေးဇယားအဆင့်-၄ နေရာမှာ ရပ်တည်နေပြီး လာမယ့် တနင်္ဂနွေနေ့မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းဆီ သွားရောက်ယှဉ်ပြိုင်ကစားရပါမယ်။