The network connection is lost.

Banner Image

ဒဏ်ရာပြဿနာကြောင့် အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်ခွင့်မရခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ပြောကြားလာတဲ့ မက်ဂွါရီ

မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဟယ်ရီမက်ဂွါရီဟာ ခြေသလုံးဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ဧပြီလကတည်းက အနားယူနေခဲ့ရတာဖြစ်ပြီး ယခုအခါမှာ အင်္ဂလန်အသင်းရဲ့ လူစာရင်းကနေ ဒဏ်ရာပြဿနာကြောင့်ပဲ ချန်လှပ်ခံခဲ့ရတာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရတယ်လို့ ပြောကြားလာခဲ့ပါတယ်။ 
 
အင်္ဂလန်သားအနေနဲ့ ကြံ့ခိုင်မှုပြန်လည်ရရှိဖို့အတွက် အပြင်းအထန် ကြိုးစားအားထုတ်ခဲ့ပေမယ့် အဆုံးမှာတော့ ထင်ထားသလိုဖြစ်မလာခဲ့ဘဲ ဒဏ်ရာကနေ ပြန်လာနိုင်ခဲ့ခြင်းမရှိပါဘူး။ မကြာသေးမီကတော့ ဂါရတ်ဆောက်ဂိတ်အနေနဲ့ မက်ဂွါရီကို ဒဏ်ရာကနေပြန်လည်သက်သာလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့အတူ ပဏာမလူစာရင်း ၃၃ ဦးထဲမှာထည့်သွင်းခဲ့ပါသေးတယ်။
 
သို့သော်လည်း ယမန်နေ့ညက ရွေးချယ်ခဲ့တဲ့ ယူရိုပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား ၂၆ ဦးစာရင်းမှာတော့ မက်ဂွါရီပါဝင်လာခဲ့ခြင်းမရှိဘဲ နောက်ခံလူဟာ ဒဏ်ရာကြောင့် အခြားကစားသမား ၆ ဦးနဲ့အတူ အသင်းရဲ့လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
 
အင်္ဂလန်အသင်း လူစာရင်းကနေ ထုတ်ပယ်ခံရပြီးနောက်မှာတော့ မက်ဂွါရီက “နွေရာသီမှာ အင်္ဂလန်အသင်းအတွက် မပါဝင်နိုင်တော့တဲ့အတွက် ဝမ်းနည်းမိပါတယ်။ ကျွန်တော်အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ခြေသလုံးဒဏ်ရာကို မကျော်ဖြတ်နိုင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း တွန်းအားပေးခဲ့မိလို့ ဒီလိုဖြစ်လာတာ ထင်ပါတယ်။ အခုတော့ စိတ်ပျက်လက်ပျက်ဖြစ်ရပါတယ်” လို့ တွစ်တာမှတစ်ဆင့် ရေးသားမျှဝေခဲ့ပါတယ်။
 
မက်ဂွါရီဟာ မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းစ်နဲ့တွဲဖက်ပြီး ပြီးခဲ့တဲ့ ပြိုင်ပွဲကြီး ၃ ခုစလုံးမှာ အင်္ဂလန်အသင်းအတွက် အဓိကပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဗဟိုခံစစ်မှူဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ ၂၀၂၀ ယူရိုပြိုင်ပွဲတွေမှာ ဂိုးတွေ သွင်းယူထားနိုင်ခဲ့တာကြောင့် လက်ရှိရွေးချယ်ခံထားရတဲ့ အင်္ဂလန်အသင်းလူစာရင်းထဲမှာ သူ့ထက် ဂိုးပိုသွင်းထားသူက ဟယ်ရီကိန်းနဲ့ ဘူကာယိုဆာကာတို့ ၂ ယောက်သာရှိနေပါတယ်။
 
ဆောက်ဂိတ်အနေနဲ့ ယူနိုက်တက်မှာ ခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့ မက်ဂွါရီအပေါ် တတ်နိုင်သလောက် သစ္စာရှိပြီး အင်္ဂလန်အသင်းရဲ့ပဏာမလူစာရင်းမှာ ရွေးချယ်ခဲ့ပေမယ့် ယခုအခါမှာတော့ ဒဏ်ရာကြောင့် လွှတ်ချလိုက်ရပြီဖြစ်ပါတယ်။ ဆက်လက်ပြီး မက်ဂွါရီက “ကျွန်တော့်အတွက်တော့ အင်္ဂလန်အသင်းအတွက် ကိုယ်စားပြုရတာက အလွန်ဂုဏ်ယူစရာကောင်းတဲ့အရာတစ်ခုပါ။ ဒါက ကျွန်တော့်အတွက် အရာရာပါပဲ။ ကျွန်တော့်အနေနဲ့ အသင်းအတွက် ကစားသမားတစ်ယောက်အနေနဲ့ မပါဝင်နိုင်တော့ပေမယ့် ပရိသတ်တစ်ယောက်အနေနဲ့ အားပေးသွားပါမယ်။ ကောင်လေးတွေ အနေနဲ့ အရာအားလုံးကို အနိုင်ယူလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးရင်တော့ ကျွန်တော် မန်ချက်စတာယူနိုက်တက်ရဲ့ ဆေးအဖွဲ့နဲ့အတူ နောက်ရာသီအတွက်ပြင်ဆင်သွားပါမယ်”လို့ ရေးသားခဲ့ပါတယ်။