
မန်စီးတီးနဲ့စာချုပ်ကုန်ပါက ဘယ်အသင်းသို့ပြောင်းရွှေ့မယ်ဆိုတာ အတိအကျဆုံးဖြတ်ထားပြီးဖြစ်ကြောင်းပြောကြားလာတဲ့ ဘာနာဒိုဆေးလ်ဗား
မန်ချက်စတာစီးတီးအသင်းခေါင်းဆောင် ဘာနာဒိုဆေးလ်ဗားက သူ့အနေနဲ့ အသင်းနဲ့စာချုပ်ကုန်ပြီး ထွက်ခွာဖြစ်ခဲ့ပါက ဘယ်အသင်းသို့ပြောင်းရွှေ့မယ်ဆိုတာ ကြိုတင်ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ပေါ်တူဂီကွင်းလယ်လူဟာ ၂၀၂၃ ခုနှစ်မှာ မန်စီးတီးနဲ့စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး ယခု ၂၀၂၅-၂၆ ရာသီအကုန်မှာတော့ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ မန်စီးတီးမှ အဓိကကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းဟာ ပြီးခဲ့တဲ့နွေရာသီက ထွက်ခွာခဲ့ပြီး ယခုအခါမှာတော့ ဘာနာဒိုဆေးလ်ဗားကပါ ထွက်ခွာမယ့်အကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။
အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆေးလ်ဗားက "မန်စီးတီးကနေထွက်ခွာမယ်ဆိုရင် ဘာလုပ်ရမယ်ဆိုတာ ကျွန်တော် တိတိကျကျဆုံးဖြတ်ပြီးသားပါ။ ဒါပေမယ့် အခုချိန်က ဒီအကြောင်းပြောရမယ့်အချိန်မဟုတ်သေးပါဘူး။ ဒီအသင်းမှာရှိနေသမျှကာလပတ်လုံး အကောင်းဆုံးကြိုးစားပြီး အောင်မြင်မှုတွေထပ်ယူဖို့ အာရုံစိုက်ရပါဦးမယ်။ စာချုပ်ရှိနေသမျှတော့ မန်စီးတီးကို အရင်လို အမြင့်ဆုံးအဆင့်ကိုပြန်ပို့ပြီး ထိုက်တန်တဲ့နေရာမှာပြန်ထားဖို့ အာရုံစိုက်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဆေးလ်ဗားဟာ လက်ရှိမန်စီးတီးမှာ ဖီးလ်ဖိုဒန်၊ ဂျွန်စတုန်းစ်တို့နဲ့အတူ စီနီယာအကျဆုံးကစားသမားဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ ယခုအခါ မန်စီးတီးမှာ ကိုင်လ်ဝေါ်လ်ကာ၊ ကယ်ဗင်ဒီဘရိုင်းနဲ့ အီကေးဂန်ဒိုဂန်တို့လို အဓိကကြယ်ပွင့်တွေ အပြီးသတ်ထွက်ခွာသွားပြီဖြစ်လို့ နည်းပြ ပက်ဂွါဒီယိုလာဟာ ကစားသမားသစ်တွေနဲ့အတူ အသင်းရဲ့ခေတ်သစ်တစ်ခုကို စတင်နေပြီလည်းဖြစ်ပါတယ်။
ယခုလအစောပိုင်းမှာ ဘာနာဒိုဆေးလ်ဗားရဲ့အသင်းဟောင်းဖြစ်တဲ့ ဘင်ဖီကာအသင်းဥက္ကဌ နိုရိုနာလိုပက်စ်က ပေါ်တူဂီသားကို အသင်းသို့ပြန်လည်ခေါ်ယူလိုကြောင်း ပြောကြားထားပါတယ်။ ဆေးလ်ဗားဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဘင်ဖီကာမှာစတင်ခဲ့သူဖြစ်ပြီး ပေါ်တူဂီကလပ်မှာ ၈ နှစ်ကြာ နေထိုင်ခဲ့ပါတယ်။
လိုပက်စ်က "ကျွန်တော်အတည်ပြုနိုင်တာကတော့ ကျွန်တော်တို့ ဘာနာဒိုဆေးလ်ဗားကိုခေါ်ယူဖို့ စာချုပ်တစ်ခု ပြင်ဆင်ထားပြီးပါပြီ။ လာမယ့်ဇန်နဝါရီမှာပဲ ကျွန်တော်တို့သူ့ကို ပြန်ခေါ်ချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ဘင်ဖီကာသာမက တစ်ဖက်မှာ အီတလီထိပ်သီးကလပ် ဂျူဗင်တပ်စ်ကလည်း ဝါရင့်ကွင်းလယ်လူကို စိတ်ဝင်စားနေကြောင်း ဖော်ပြထားတာကြောင့် ပေါ်တူဂီလက်ရွေးစင်အနေနဲ့ ဘယ်အသင်းကိုပြောင်းရွှေ့သွားမလဲဆိုတာ စောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်။