The network connection is lost.

Banner Image

ဂျွန်စတုန်းစ် ဒဏ်ရာရနေတာကြောင့် ဆန်းဒါးလန်းနဲ့ပွဲစဉ်ကိုလွဲချော်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးလာတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီတီးနည်းပြပက်ဂွါဒီယိုလာက စနေနေ့က ဆန်းဒါးလန်းကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းရဲ့ဗဟိုခံစစ်မှူး ဂျွန်စတုန်းစ်တစ်ယောက်မပါဝင်နိုင်ခဲ့ခြင်းမှာ ဒဏ်ရာပြဿနာကြုံတွေ့နေရလို့ဖြစ်တယ်လို့ အသိပေးပြောကြားလာခဲ့ပါတယ်။ 

အဆိုပါပွဲစဉ်မစတင်မီမှာပဲ ဂျွန်စတုန်းစ်ဟာ မန်စီးတီးရဲ့လူစာရင်းမှာပါဝင်ခဲ့ခြင်းမရှိတာကြောင့် ကစားသမားနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေရှိခဲ့ပြီး ယခုအခါမှသာ ဂွါဒီယိုလာက အသိပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမန်စီးတီးမှာ ကစားသမားအတော်များများဒဏ်ရာရနေတာကြောင့် ဂျွန်စတုန်းစ်ရဲ့ဒဏ်ရာကလည်း အသင်းအတွက် ပိုမိုအခက်ကြုံစရာဖြစ်လာစေခဲ့ပါတယ်။

သို့သော်လည်း စနေနေ့အစောပိုင်းပွဲစဉ်မှာ အာဆင်နယ်က အက်စတွန်ဗီလာကို ၂-၁ နဲ့အရေးနိမ့်ခဲ့တာကြောင့် မန်စီးတီးအနေနဲ့ ဆန်းဒါးလန်းကို သေချာပေါက်အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာသို့ရောက်ရှိဖို့ ခြေတစ်လှမ်းတိုးနိုင်ခဲ့ပါတယ်။ ဆန်းဒါးလန်းအနေနဲ့ နောက်တန်း ၅ ယောက်အထိအသုံးပြုပြီး မန်စီးတီးတိုက်စစ်ကိုဟန့်တာဖို့ကြိုးစားခဲ့ပေမယ့် ပထမပိုင်းမှာပဲ ၂ ဂိုးအထိခွင့်ပြုခဲ့ရပြီး ရှုံးနိမ့်ဖို့သေချာသလောက်ဖြစ်ခဲ့ပါတယ်။

ဆန်းဒါးလန်းနဲ့ပွဲမှာ ဂျွန်စတုန်းစ်ကိုချန်လှပ်ခဲ့ခြင်းနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရာ ဂွါဒီယိုလာက "သူဒဏ်ရာရခဲ့လို့ပါ။ အဲဒါအမှန်ပါပဲ။ သူဘယ်ချိန်ပြန်ကစားနိုင်မယ်ဆိုတာတော့ ကျွန်တော်လည်းမသိရသေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဂွါဒီယိုလာက အဆိုပါပွဲစဉ်မှာ အသင်းရဲ့အဓိကကွင်းလယ်လူ ဖီးလ်ဖိုဒန်ကလည်း သက်တောင့်သက်သာမဖြစ်ခဲ့ဘဲ ကြံ့ခိုင်မှုပြည့်ဝဖို့ရုန်းကန်ခဲ့ရကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ 

စပိန်သားနည်းပြက "ဖိုဒန်က မယုံနိုင်စရာကစားသမားပါ။ သူဂိုးတွေအများကြီးသွင်းလာနိုင်ပါတယ်။ ဒါပေမယ့် ဆန်းဒါးလန်းနဲ့ပွဲနှောင်းပိုင်းမှာ သူသက်တောင့်သက်သာမဖြစ်ဘူးလို့ ကျွန်တော့်ကိုပြောခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ခြေစွမ်းအရှိန်နဲ့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး အသင်းအတွက်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ သူက ကျွန်တော့်အတွက်လက်ဆောင်တစ်ခုလိုပါပဲ။ အကောင်းဆုံးကစားသမားပါ" လို့ပြောကြားခဲ့ပါတယ်။ 

စတုန်းစ်အနေနဲ့တော့ လက်ရှိဒဏ်ရာအခြေအနေကြောင့် ကာလတို၊ သို့မဟုတ် ကာလရှည်အနားယူသွားရမလား အခုချိန်အထိမသိရသေးဘဲ အကဲဖြတ်မှုတွေပြုလုပ်သွားရဖွယ်ရှိပါတယ်။ အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟာ လွန်ခဲ့တဲ့ ၁၈ လတာအတောအတွင်း ဒဏ်ရာပြဿနာတွေကြောင့်မကြာခဏရုန်းကန်နေရပြီး ပုံမှန်ပါဝင်ကစားဖို့တောင်ခက်ခဲနေတာဖြစ်ပါတယ်။ 

လာမယ့်ဒီဇင်ဘာ ၁၁ ရက်နေ့မှာတော့ မန်စီးတီးဟာ ခက်ခဲတဲ့ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်ကို ဆန်တီယာဂိုဘာနေဗျူးမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ယှဉ်ပြိုင်သွားရပါမယ်၊။