The network connection is lost.

Banner Image

ဒီရာသီချန်ပီယံလိဂ်ဖလားကို အာဆင်နယ်ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလာတဲ့ မာဒူကီ

အာဆင်နယ်တောင်ပံကစားသမား နိုနီမာဒူကီက ကြာသပတေးနေ့က ကလပ်ဘရုကို ၀-၃ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ယခုနှစ်ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်မယ်လို့ ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ၂ ဂိုးသွင်းနိုင်ခဲ့သလို၊ ထိပ်တန်းခြေစွမ်း ပြသနိုင်ခဲ့တဲ့ မာဒူကီကို ယူအီးအက်ဖ်အေနည်းစနစ်အဖွဲ့က ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကို ချီးမြှင့်ခဲ့ပါတယ်။ 

ပွဲအပြီးမှာ အင်္ဂလန်လက်ရွေးစင်က "ပထမဂိုးက အရမ်းကောင်းတဲ့သွင်းဂိုးဖြစ်ခဲ့ပြီး ဒုတိယဂိုးကတော့ ပေါ့ပေါ့ပါးပါးပဲသွင်းယူခဲ့တာပါ။ ပထမဂိုးက တကယ်ကိုကောင်းခဲ့လို့ ကျွန်တော်အရမ်းကျေနပ်ပါတယ်။ ကျွန်တော်တို့အသင်းကို ခြိမ်းခြောက်မှုပြုလုပ်ဖို့ တကယ်ခက်ပါတယ်"

"ပြိုင်ဘက်အသင်းအနေနဲ့ သူတို့ရဲ့ဘောလုံးပေးပို့မှုတွေက ထိရောက်တယ်လို့ခံစားရဖို့လိုပါတယ်။ ကျွန်တော့်အနေနဲ့ကလပ်အတွက်ရော၊ နိုင်ငံ့လက်ရွေးစင်အသင်းအတွက်ပါ တသမတ်တည်းဖြစ်တဲ့ခြေစွမ်းမျိုး ပြသနိုင်ဖို့မျှော်လင့်ပါတယ်။ အဲဒီလိုကစားသမားမျိုးဖြစ်လာမယ်လို့လည်းယုံကြည်ပါတယ်။ ဒါကြောင့် နေ့ရက်တိုင်းမှာ ကြိုးစားပြီးပေးဆပ်နေပါတယ်"

"အသင်းက အရမ်းစည်းလုံးနေပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကူညီကြပြီး အသင်းအတွက်အဓိကအာရုံစိုက်ထားကြပါတယ်။ အသင်းမှာ ထိပ်တန်းကစားသမားတွေအများကြီးရှိနေပါတယ်။ ဒါပေမယ့် တစ်သင်းလုံးစုပေါင်းလိုက်မှ ပိုကောင်းတဲ့အသင်းကိုဖန်တီးနိုင်မှာပါ"

"ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးနိုင်မယ်လို့လည်းခံစားရပါတယ်။ ပရီးမီးယားလိဂ်မှာလည်း အခြေအနေကောင်းနေလို့ ဆုဖလားရမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ရည်မှန်းချက်ပါပဲ။ ဒီပုံစံကိုဆက်ထိန်းသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။