
အာမိုရင်ကို ထုတ်ပယ်ပါက မိုက်ကယ်ကာရစ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ စဉ်းစားလာနိုင်တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ ရုန်းကန်နေရတဲ့ လက်ရှိနည်းပြ ရူဘင်အာမိုရင်ကို ရာထူးမှထုတ်ပယ်ပါက အသင်းရဲ့ကွင်းလယ်လူဟောင်း မိုက်ကယ်ကာရစ်ကို ယာယီနည်းပြအဖြစ်ခန့်အပ်ဖို့ စဉ်းစားလာနိုင်တယ်လို့သိရပါတယ်။ ယခုရာသီအစမှာပဲ ဆိုးဝါးတဲ့ရလဒ်တွေကြောင့် အာမိုရင်အပေါ် ဖိအားတွေတိုးလာခဲ့တာဖြစ်ပြီး ယူနိုက်တက်ရဲ့ရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်ဖ်အနေနဲ့ အခြေအနေကိုထိန်းသိမ်းဖို့အတွက် လူချင်းရင်းနှီးတဲ့ မိုက်ကယ်ကာရစ်ကို အားကိုးလာနိုင်တာဖြစ်ပါတယ်။
ချဲလ်ဆီးကို ၂-၁ နဲ့အနိုင်ရပြီးနောက် ယူနိုက်တက်ဟာ အာမိုရင်လက်ထက် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ၂ ပွဲဆက်အနိုင်ရတော့မယ်လို့ ယူဆခဲ့ကြပေမယ့် စနေနေ့က ဘရန့်ဖို့ဒ်ကို အရေးနိမ့်ခဲ့တာကြောင့် ပေါ်တူဂီသားအပေါ်ဖိအားတွေသာ တိုးလာခဲ့တာဖြစ်ပါတယ်။ အာမိုရင်ဟာ ယူနိုက်တက်ကို ပရီးမီးယားလိဂ်ပွဲစဉ် ၃၃ ပွဲအထိကိုင်တွယ်ပြီး ၁၇ ပွဲအထိရှုံးနိမ့်ထားပေမယ့် အဆိုပါပွဲစဉ်အပြီးမှာ ရာထူးမှထုတ်ခံရမှာ စိုးရိမ်ခြင်းမရှိဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ တစ်ဖက်မှာ နည်းပြသစ်ဖြစ်လာဖို့အလားအလာရှိသူတွေကို စောင့်ကြည့်နေပေမယ့် တစ်ဖက်မှာတော့ အာမိုရင်ကို ထောက်ခံနေဆဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကာရစ်ဟာ အာမိုရင်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ဖို့ အနီးစပ်ဆုံးဖြစ်နေပြီး ၂၀၂၁ ခုနှစ်တုန်းကလည်း ကာရစ်ဟာ ထုတ်ပယ်ခံလိုက်ရတဲ့ အိုလီဂန်နာဆိုးလ်ရှားရဲ့နေရာမှာ ယာယီနည်းပြအဖြစ် ၃ ပွဲ တာဝန်ယူကိုင်တွယ်ခဲ့ပြီး ၂ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ကိုပုံဖော်ပေးနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ လက်ထောက်နည်းပြဟောင်း မူလန်စတင်းကတော့ ကာရစ်ဟာ ယူနိုက်တက်အတွက် သင့်တော်တဲ့နည်းပြသစ်ဖြစ်တယ်လို့ ထောက်ခံပြောကြားထားပါတယ်။ မူလန်စတင်းက "ရူဘင်အာမိုရင်ထွက်ခွာသွားရင် မိုက်ကယ်ကာရစ်က ကောင်းမွန်တဲ့ရွေးချယ်မှုဖြစ်လာနိုင်ပါတယ်။ ကာရစ်က လက်ရှိယူနိုက်တက်ရဲ့ကစားသမားတစ်ချို့နဲ့ ရင်းနှီးနေတုန်းပါပဲ။ ဒါကြောင့် ယူနိုက်တက်ရဲ့အတွင်းသတင်းတွေကိုလည်း ရရှိနေမယ်ထင်ပါတယ်။ သူ ယူနိုက်တက်အကြောင်းကို ကောင်းကောင်းသိနေမှာပါ" လို့ပြောကြားခဲ့ပါတယ်။
အသက်-၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာရစ်ဟာ မစ်ဒယ်ဘရော့ကို စတင်ကိုင်တွယ်ပြီး နည်းပြချုပ်ရာထူးကို ပထမဆုံးရယူခဲ့ပေမယ့် ပြီးခဲ့တဲ့ဇွန်လက ထုတ်ပယ်ခံခဲ့ရတာကြောင့် လောလောဆယ်မှာ အသင်းလက်မဲ့ဖြစ်နေပါတယ်။ ကာရစ်ဟာ ၂၀၂၂ ခုနှစ်မှာ မစ်ဒယ်ဘရော့ကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ချက်ချင်းပဲအသင်းကို အမှတ်ပေးဇယားရဲ့ထိပ်ပိုင်းသို့ ဆွဲတင်နိုင်ခဲ့ကာ ပလေးအော့ဖ်ကစားခွင့်ရရှိစေခဲ့ပါတယ်။ နောက်ပိုင်းရာသီတွေမှာတော့ မစ်ဒယ်ဘရော့ဟာ ထိပ်ဆုံး ၆ သင်းစာရင်းမဝင်တော့တာကြောင့် ကာရစ်ကို ရာထူးမှထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ကစားသမားဘဝမှာတော့ ကာရစ်ဟာယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဖလားတွေကိုဆွတ်ခူးပြီး အောင်မြင်တဲ့ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့အာမိုရင်ကို ထုတ်ပယ်ပါက နည်းပြသစ်အဖြစ်ခန့်အပ်ဖို့စောင့်ကြည့်နေတဲ့စာရင်းထဲမှာ ကာရစ်သာမက ဂါရတ်ဆောက်ဂိတ်၊ အန်ဒိုနီအီရာအိုလာနဲ့ အိုလီဗာဂလက်စ်နာတို့လည်း ပါဝင်နေတယ်လို့သိရပါတယ်။
လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရောက်ရှိနေတဲ့ တန်းတက် ဆန်းဒါးလန်းကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။