The network connection is lost.

Banner Image

ပြီးခဲ့တဲ့ရာသီက ကစားသမားဘဝမှ အနားယူဖို့ စဉ်းစားခဲ့သေးကြောင်း ဖွင့်ဟလာတဲ့ ဂျွန်စတုန်းစ်

မန်ချက်စတာစီးတီးနောက်ခံလူ ဂျွန်စတုန်းစ်က သူဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေရဲ့နှိပ်စက်မှုကြောင့် ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားဘဝမှအနားယူဖို့အထိစဉ်းစားခဲ့သေးတယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဆုဖလားလက်မဲ့နဲ့ ဇာတ်သိမ်းခဲ့ရတဲ့ မန်စီးတီးရဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီအတွင်း ခြေထောက်နဲ့ တံကောက်ကြောဒဏ်ရာတွေကြောင့် ဂျွန်စတုန်းစ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲသာပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။ 

ယခုရာသီအရောက်မှာတော့ စွယ်စုံရနောက်ခံလူဟာ ဒဏ်ရာပြဿနာတွေကင်းစင်လာပြီဖြစ်သလို၊ ကြံ့ခိုင်မှုအခြေအနေကိုလည်း ထိန်းသိမ်းထားပြီဖြစ်တာကြောင့် မန်စီးတီးနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားပေးနိုင်နေပြီဖြစ်ပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့ရာသီမှာတော့ ဒဏ်ရာပြဿနာကြောင့် စိတ်ဓာတ်ကျဆင်းခဲ့ပြီး ကစားသမားဘဝမှ အနားယူဖို့အထိ စဉ်းစားခဲ့တယ်လို့ ဂျွန်စတုန်းစ်က ဆိုပါတယ်။

ဘီဘီစီနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ စတုန်းစ်က "ပြီးခဲ့တဲ့ရာသီက ကျွန်တော့်အတွက် အရမ်းခက်ခဲခဲ့ပါတယ်။ ကစားသမားဘဝကနေ အနားယူဖို့အထိတောင် စဉ်းစားခဲ့ရပါတယ်။ ကျွန်တော့်အနေနဲ့ အနားမယူချင်သေးပေမယ့် ပရော်ဖက်ရှင်နယ်အဆင့်မရှိတော့မှာစိုးလို့ အနားယူဖို့ စဉ်းစားခဲ့တာပါ။ ဒဏ်ရာတွေရဲ့နှိပ်စက်မှုကြောင့် ကျွန်တော်အဖြေတွေကို ရှာမတွေ့ခဲ့ပါဘူး"

"ဘာကြောင့်မှန်းမသိ ကျွန်တော် အနားယူဖို့အထိစဉ်းစားခဲ့ပါတယ်။ စိတ်ဓာတ်ပိုင်းအတော်လေးကျဆင်းခဲ့ပြီး အဲဒီလိုအခြေအနေမျိုးထပ်မတွေ့ရဖို့ မျှော်လင့်ပါတယ်။ အဲဒီတုန်းက ကျွန်တော့်ရဲ့စိတ်ကလည်း အတော်လေးထိန်းချုပ်ရခက်ခဲနေခဲ့တာပါ။ မှန်မှန်ကန်ကန်မစဉ်းစားနိုင်ခဲ့ပါဘူး"

"လွန်ခဲ့တဲ့နှစ်တွေမှာ မန်စီးတီးက ကျွန်တော့်ကိုစိန်ခေါ်မှုအသစ်လုပ်ခဲ့ဖူးပြီး ကျွန်တော်ကိုယ်တိုင်က အဲဒီစိန်ခေါ်မှုကို လိုလိုချင်ချင်လက်ခံခဲ့ပါတယ်။ ဒါကြောင့် အခုချိန်ကျမှ ကျွန်တော်ဘာလို့ ရပ်လိုက်ရမှာလဲဆိုတာမျိုး တွေးမိပါတယ်။ ကျွန်တော့်စိတ်ထဲမှာ အနိုင်ရချင်စိတ်တွေရှိနေဆဲဖြစ်လို့ အခုချိန်မှာတော့ ကစားသမားဘဝကနေ မနားချင်‌သေးပါဘူး" လို့ပြောကြားခဲ့ပါတယ်။

Daily Mirror သတင်းဌာနရဲ့ဖော်ပြချက်အရ ပြီးခဲ့တဲ့လမှာတော့ မန်စီးတီးဟာ စတုန်းစ်ကို အသင်းမှာဆက်လက်ထိန်းသိမ်းဖို့ စာချုပ်သစ်အတွက်ဆွေးနွေးမှုတွေပြုလုပ်ချင်ခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟာ ယခုနှစ်ရာသီအကုန်မှာ မန်စီးတီးနဲ့စာချုပ်သက်တမ်းကုန်ဆုံးသွားမှာဖြစ်ပေမယ့် နည်းပြပက်ဂွါဒီယိုလာရဲ့ အားထားရတဲ့ကစားသမားတစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်လို့ စာချုပ်သစ်ထပ်မံချုပ်ဆိုသွားဖွယ်ရှိပါတယ်။

စတုန်းစ်ဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့စက်တင်ဘာလက အင်္ဂလန်လက်ရွေးစင်အသင်းမှာရွေးချယ်ခြင်းမခံခဲ့ရပေမယ့် ယခုအောက်တိုဘာလမှာ‌တော့ ပြန်လည်ရွေးချယ်ခံထားရပြီဖြစ်ပါတယ်။ လာမယ့်ကြာသပတေးနေ့မှာတော့ အင်္ဂလန်ဟာ ခြေစွမ်းပွဲစဉ်အဖြစ် ဝေးလ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး စတုန်းစ်တစ်ယောက် သောမတ်စ်တူချယ်လ်ရဲ့အသင်းအတွက် ပွဲထွက်ပါဝင်ကစားနိုင်မလား စောင့်ကြည့်ရပါမယ်။