
အာမိုရင်နေရာအတွက် အင်္ဂလန်နည်းပြဟောင်းကို စဉ်းစားနေတဲ့ ယူနိုက်တက်
သတင်းတွေအရ ယူနိုက်တက်ဟာ အာမိုရင်နေရာအတွက် အင်္ဂလန်နည်းပြဟောင်း ဆောက်ဂိတ်အပါအဝင် အခြားနည်းပြ ၃ ယောက်လောက်ကို လျာထားတယ်လို့ သိရပါတယ်။ ပြိုင်ပွဲစုံပထမဆုံး ၇ ပွဲမှာ ၄ ပွဲအထိ အရေးနိမ့်ခဲ့ပြီးနောက် အာမိုရင်တစ်ယောက် ဖိအားတွေများလာခဲ့တာဖြစ်ပါတယ်။ talkSPORT သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်အနေနဲ့ အာမိုရင်ကိုထုတ်ပယ်ဖြစ်ခဲ့ရင် ဆောက်ဂိတ်ကို စဉ်းစားနေတယ်လို့ သိရပါတယ်။
ယခင်တုန်းကလည်း ယူနိုက်တက်ဟာ အာမိုရင်ကိုမခန့်အပ်ခင်မှာ အင်္ဂလန်နည်းပြဟောင်းကို ချိတ်ဆက်ခဲ့သေးတယ်လို့ သိရပါတယ်။ ဆောက်ဂိတ်ဟာ ၂၀၂၄ ယူရိုဖိုင်နယ်မှာ စပိန်ကိုအရေးနိမ့်ပြီး ၂ ရက်အကြာမှာ အင်္ဂလန်ကနေထွက်ခွာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်တာဝန်ရှိသူ ဆာဂျင်မီဟာ ပြီးခဲ့တဲ့အပတ်တွေတုန်းက ဆောက်ဂိတ်ကို ချိတ်ဆက်ခဲ့သေးတယ်လို့ သိရပါတယ်။
ယူနိုက်တက်ရဲ့ပစ်မှတ်တွေထဲမှာ ပဲလေ့စ်နည်းပြ ဂလက်စ်နာ ၊ ဘုန်းမောက်နည်းပြ အီရာအိုလာတို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ စနေနေ့တုန်းက ဘရန့်ဖို့ဒ်ကို ၃-၁ နဲ့ အရေးနိမ့်ပြီးနောက် အာမိုရင်ဟာ ပရီးမီးယားလိဂ်မှာ ဘန်လေ နဲ့ ချဲလ်ဆီးတို့ကိုသာ အနိုင်ရရှိထားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာတင် ရုန်းကန်နေရတာမဟုတ်ပဲ ကာရာဘောင်မှာလည်း ဂရင်းစ်ဘီတောင်းအသင်းကို ပင်နယ်တီနဲ့အရေးနိမ့်ပြီး စောစောစီးစီးထွက်ခွာခဲ့ရပါတယ်။တန်ဟက်နေရာကို အစားဝင်လာပြီးကတည်းက အာမိုရင်ဟာ လိဂ်ပွဲ ၃၃ ပွဲမှာ ၉ ပွဲသာ အနိုင်ရရှိထားခဲ့ပါတယ်။
ပွဲအပြီးသတင်းစာရှင်းပွဲမှာ အာမိုရင်က “ကျွန်တော့်အလုပ်အတွက် အမြဲတမ်းသက်တောင့်သက်သာရှိပါတယ်။ ကျွန်တော် မစိုးရိမ်သလို အဲ့တာက ကျွန်တော့်ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျွန်တော် ဒီမှာရှိနေတဲ့ မိနစ်တိုင်းကို အကောင်းဆုံးလုပ်ဆောင်သွားမှာပါ။ ကျွန်တော့်အလုပ်အတွက် ဘယ်တော့မှမစိုးရိမ်ပါဘူး။ ကျွန်တော်က အဲ့လိုလူစားမျိုးမဟုတ်ပါဘူး။ ကျွန်တော့်အလုပ်ကို အကောင်းဆုံးလုပ်ဆောင်ပါတယ်။ တကယ်လို့ အနိုင်ရခဲ့ရင် ကျွန်တော်မတူညီတဲ့စိတ်အနေအထားမှာရှိပါတယ်။
အဲ့တာက သာမန်ပါပဲ။ ဒါပေမယ့် ကျွန်တော်လုပ်နေတာကို ကျွန်တော်သိတာကြောင့် အမြဲတမ်းယုံကြည်မှုရှိပါတယ်။ ကျွန်တော့်ပခုံးပေါ်မှာ တာဝန်တွေအများကြီးယူထားခဲ့ရတာပါ။ ကျွန်တော်တို့ ပိုကောင်းကစားနိုင်လို ပိုကောင်းအောင် ကစားဖို့လည်း လိုအပ်ပါတယ်။ အဲ့တာက အတက်အကျရှိပါတယ်။ကျွန်တော်တို့ အနိုင်ရချိန်မှာ အားလုံးအဆင်ပြေပါတယ်။ အရှိန်အဟုန်က ဒီမှာရှိနေတာပါ။
ခင်ဗျားအရေးနိမ့်ချိန်ဆိုရင်တော့ နောက်တစ်ပွဲနိုင်ဖို့အတွက် အရှိန်အဟုန်တစ်ခုဖန်တီးရပါတယ်။ ကျွန်တော် ပွဲအရေးနိမ့်ချိန်တိုင်းမှာ အများကြီးမပြောနိုင်ပါဘူး။ တစ်ချို့အချိန်တွေမှာ ခင်ဗျားစွမ်းဆောင်ရည်ကောင်း နဲ့ တိုးတက်မှုတွေကို မြင်ရပါတယ်။ တစ်ချို့အချိန်တွေမှာတော့ အဲ့တာကိုမမြင်ရပါဘူး။ အဲ့တာက ခင်ဗျားကိုယုံကြည်မှုပေးစွမ်းတာပါ။ ဒါကြောင့် ကျွန်တော်တို့ တူညီတဲ့ပြောဆိုမှုပဲ အမြဲလုပ်ပါတယ်။ အဲ့တာက နောက်ပွဲအပေါ်မှာမူတည်ပြီး အနိုင်ရအောင် ကြိုးစားရပါမယ်”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ လာမယ့်စနေနေ့မှာ ဆန်းဒါးလန်းအသင်းနဲ့ကန်ရမှာဖြစ်ပြီး အနိုင်ရဖို့ လိုအပ်နေကာ ဆန်းဒါးလန်းအသင်းက လိဂ်အဖွင့်ပွဲ ၆ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသာ အရေးနိမ့်ထားခဲ့ပါတယ်။