မန်စီးတီးစတားအနေအထားကို မေးခွန်းထုတ်လိုက်တဲ့ ဂယ်ရီနဗီးလ်
ယူနိုက်တက်ဂန္ထဝင်ဟောင်း ဂယ်ရီနဗီးလ်က မန်စီးတီးဂန္ထဝင် ဒီဘရိုင်းအနေအထားနဲ့ပတ်သက်ပြီး မေးခွန်းထုတ်လိုက်ပါတယ်။ ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်ဂန္ထဝင်တစ်ဦးဖြစ်သလို စီးတီးနဲ့အတူ လိဂ်ဖလား ၆ ကြိမ် ၊ ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးဆုအများအပြားရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အသက် ၃၃ နှစ်ရှိနေပြီဖြစ်ကာ စာချုပ်သက်တမ်းကလည်း ၁၂ လသာကျန်တော့တဲ့အနေအထားမှာ ဒဏ်ရာပြဿနာပုံမှန်ရရှိနေတာဖြစ်ပါတယ်။ အဆိုပါအခြေအနေက ဒီရာသီ ဘယ်လ်ဂျီယံသားကိုပွဲထွက်ခွင့်ကန့်သတ်ချက်ရှိလာစေတာဖြစ်ပြီး တံကောက်ကြောဒဏ်ရာကြောင့် ကာလရှည်နားနေရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာတဲ့အနေအထားမှာ လီဗာပူးအသင်းနဲ့ပွဲမှာတောင် အရန်ခုံမှာသာ ပါဝင်ခဲ့တာနဲ့ပတ်သက်ပြီး နဗီးလ်က မေးခွန်းထုတ်ခဲ့ပါတယ်။ လီဗာပူးကို ၂ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် ဒီဘရိုင်းအခြေအနေနဲ့ပတ်သက်ပြီး နဗီးလ်က “ဒီဘရိုင်းအခြေအနေက သာမန်မဟုတ်ပါဘူး။ ထူးခြားနေပါတယ်။ ဘာကြောင့် ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားက ပွဲထွက်ခွင့်မရတာလဲ?။ သူဒဏ်ရာပြဿနာရှိနေတယ်ဆိုာ ကျွန်တော်တို့ သိပါတယ်။
ဒါပေမယ့် ဘာကြောင့်ပွဲထွက်ခွင့်မရတာလဲ။ ဘာလို့လဲဆိုတော့ သူကခေါင်းဆောင်တစ်ဦးပါ။ သူ့မှာ အာဏာရှိသလို ယုံကြည်မှုလည်းရှိပါတယ်။ အဝတ်လဲခန်းထဲမှာလည်း အဲ့လိုအနေအထားပဲနေမှာပါ။
တစ်ခုခုတော့ဖြစ်နေပါတယ်။ ဒါပေမယ့် ဂွါဒီယိုလာက အသင်းကို အလုံးစုံထိန်းချုပ်ထားပါတယ်။ သူက စာချုပ်သက်တမ်းတိုးထားပါတယ်။ ပီးတော့ သူ့အနေနဲ့ ဇန်နဝါရီ နဲ့ နွေရာသီအထိ စောင့်ဆိုင်းရနိုင်ပါတယ်။
သူက တကယ့်ထိပ်တန်းအသင်း ၂ သင်းကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ သူသာအသင်းမှာဆက်ရှိနေရင် တတိယမြောက်အသင်းကိုလည်း တည်ဆောက်ဦးမှာပါ”လို့ နဗီးလ်က ပြောကြားခဲ့ပါတယ်။
အဲ့နောက် ကာရေဂါကလည်း “ဒီဘရိုင်းကိစ္စမှာ တစ်ခုခုရှိနေပါတယ်။ ကျွန်တော့်အတွက်တော့ သူက ပြီးခဲ့တဲ့ ၅ ရာသီအတွင်း အကောင်းဆုံးကစားသမားပါ။သူက ပွဲအစကတည်းက မပါဝင်လာသလို ပထမပိုင်းအပြီးမှာလည်း ပါဝင်ခွင့်မရပါဘူး။
ကျွန်တော် မန်စီးတီးအသင်းပြဿနာဖြစ်အောင် ပြောနေတာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ ၂ ဦးကြားမှာ ပြဿနာရှိနေလောက်ပါတယ်။ အဲ့တာက ပြောရတာမကောင်းပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြ နဲ့ အကောင်းဆုံးကစားသမားအကြောင်းပြောနေရတာပါ။ ဒီဘရိုင်းစာချုပ်က နွေရာသီမှာ ကုန်ဆုံးမှာပါ။ ပြီးတော့ သူ့မှာ ပြဿနာအနည်းငယ်ရှိနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။
ဒါပေမယ့် သူကြံ့ခိုင်မှုပြည့်နေချိန်မှာတောင် အသင်းမှာမပါဝင်ဘူးဆိုရင် ပြဿနာရှိနေလောက်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်းဟာ လာမယ့် ၂၀၂၅ မှာ စီးတီးအတွက် ၁၀ နှစ်ပြည့်ကစားတဲ့ကစားသမားဖြစ်လာမှာဖြစ်သလို အသင်းအတွက် ပွဲပေါင်း ၄၀၀ ပြည့်နီးပါးဖြစ်လာမှာဖြစ်ပါတယ်။
ဆယ်စုနှစ်တစ်ခုအတွင်း ဘယ်လ်ဂျီယံသားဟာ စီးတီးနဲ့အတူ ဆုဖလား ၁၆ လုံးရယူနိုင်ခဲ့ပြီး ဆော်ဒီလိဂ်က ချိတ်ဆက်ခဲ့သေးပေမယ့် အသင်းမှာဆက်နေခဲ့တာဖြစ်ပါတယ်။