ချဲလ်ဆီး လက်ရှိလူစာရင်းနဲ့ ပရီးမီးယားလိဂ်ဖလားမရနိုင်ဘူးလို့ ဂယ်ရီနဗီးလ်သုံးသပ်
မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က လိဒ်ကို ၃-၁ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ချဲလ်ဆီးဟာ ယခုရာသီမှာတော့ လူအင်အားတောင့်တင်းမှုမရှိတာကြောင့် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်မှာမဟုတ်ဘူးလို့ သုံးသပ်ပြောကြားလာခဲ့ပါတယ်။
လိဒ်နဲ့ပွဲစဉ်မှာ ချဲလ်ဆီးဟာ အသင်းကြီးတစ်သင်းရဲ့စွမ်းဆောင်ရည်မျိုးပြသနိုင်ခဲ့ခြင်းမရှိဘဲ ဘီဂျိုလ်၊ တာနာကာနဲ့ ကယ်လ်ဗတ်လီဝင်တို့ရဲ့သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပြီး ၁ ဂိုးသာပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့် အရှက်တကွဲအရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့် လိဒ်ဟာ တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်နိုင်ခဲ့ပေမယ့် ချဲလ်ဆီးကတော့ အမှတ်ပေးဇယားရဲ့အဆင့် ၄ နေရာသို့ကျဆင်းသွားခဲ့ပြီး ထိပ်ဆုံးက အာဆင်နယ်နဲ့ ၉ မှတ်အထိကွာဟသွားခဲ့ပြီဖြစ်ပါတယ်။
ပွဲပြီးဆုံးချိန်မှာ Sky Sports သို့ ဂယ်ရီနဗီးလ်က "ချဲလ်ဆီးက ချန်ပီယံဆုကိုရနိုင်မယ်လို့မထင်ပါဘူး။ တကယ်တော့ သူတို့မှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်တဲ့ အခွင့်အရေးတောင်မရှိပါဘူး။ ချန်ပီယံဆုကိုရခဲ့တဲ့အသင်းတွေနဲ့ ချဲလ်ဆီးရဲ့ကြားမှာ ကွာဟမှုအကြီးကြီးတွေရှိနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးဂယ်ရီနဗီးလ်က ချဲလ်ဆီးက အထင်ကြီးလောက်စရာ လူငယ်အသင်းကိုတည်ဆောက်နိုင်ခဲ့တယ်လို့ အသိအမှတ်ပြုခဲ့ပေမယ့် ခံစစ်၊ ဂိုးသမားနဲ့ တိုက်စစ်မှူးနေရာတွေမှာ အရည်အသွေးလိုအပ်ချက်တွေရှိနေကြောင်း ထောက်ပြခဲ့ပါတယ်။
နဗီးလ်က "ချဲလ်ဆီးက ထိပ်ဆုံး ၄ သင်း၊ ဒါမှမဟုတ် ၅ သင်းစာရင်းထဲကိုတော့ဝင်နိုင်ပါလိမ့်မယ်။ ဒါက အငြင်းပွားစရာမဟုတ်ပါဘူး။ ဒါပေမယ့် ချန်ပီယံဆုကိုစိန်ခေါ်မယ်ဆိုရင်တော့ သူတို့မှာ ဂိုးသမားကောင်းကောင်းတစ်ယောက်လိုပါလိမ့်မယ်။ ပြီးတော့ နောက်တန်းမှာလည်း ကစားသမားတွေထပ်လိုနေပါတယ်။ ဒါ့အပြင် တိုက်စစ်ပိုင်းကလည်း လိုအပ်ချက်တွေရှိနေပါတယ်"
"ချဲလ်ဆီးရဲ့တိုက်စစ်မှူး၊ နောက်ခံလူတွေနဲ့ ဂိုးသမားတွေက ချန်ပီယံဆုကိုဆွတ်ခူးနိုင်တဲ့အဆင့်အတန်းမှာရှိမနေပါဘူး။ ဒါပေမယ့် ချဲလ်ဆီးက အရမ်းကောင်းတဲ့အသင်းကိုတည်ဆောက်ထားတယ်ဆိုတာတော့ လက်ခံရပါမယ်။ ဒီညမှာတော့ သူတို့ အဘက်ဘက်မှာ ကျရှုံးခဲ့ပါတယ်"
"ဂိုးသမား (ဆန်းချက်ဇ်)က ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ထိုက်တန်မှုမရှိပါဘူး။ တိုက်စစ်က ဒီလပ်နဲ့ ဂွီယူတို့က ကစားသမားကောင်းတွေပါ။ ဒါပေမယ့် သူတို့မှာလည်း ချဲလ်ဆီးကို ချန်ပီယံဖြစ်လောက်အောင်စွမ်းဆောင်ပေးနိုင်စွမ်းမရှိပါဘူး" လို့ပြောကြားခဲ့ပါတယ်။