The network connection is lost.

Banner Image

အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ရပ်နှစ်ခုကြောင့် ချီးကျူးမှုရရှိခဲ့တဲ့ ဖလော်ရီယန်ဝစ်ဇ်

လီဗာပူးမှာ ပုံစံကောင်းပြသနိုင်ဖို့ ဖလော်ရီယန်ဝစ်ဇ်ရုန်းကန်နေရချိန်မှာပဲ ကြိုးကြာနီကစားသမားဟောင်း စတိနီကိုးလ်က အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ရပ်နှစ်ခုနဲ့စပ်ဆက်ပြီး ဂျာမနီလက်ရွေးစင်ကစားသမားကို ချီးကျူးခဲ့ပါတယ်။ လေဗာကူဆင်မှ ပေါင်သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့လာပြီးနောက် ဖလော်ရီယန်ဝစ်ဇ်က လီဗာပူးအတွက် ဂိုးမသွင်းယူနိုင်သေးဘဲ ဂိုးဖန်တီးမှုနှစ်ကြိမ်သာ စွမ်းဆောင်ထားနိုင်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ မန်စီးတီးကို သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ဂယ်ရီနဗီးလ်က ဖလော်ရီယန်ဝစ်ဇ်ကို ကလေးငယ်တစ်ဦးလို ဖြစ်နေတယ်လို့ သုံးသပ်ခဲ့ပြီး လီဗာပူးအတွက် ၄၅၉ ပွဲအထိ ပါဝင်ကစားပေးခဲ့တဲ့ နီကိုးလ်ကတော့ ဂျာမန်ကြယ်ပွင့်ရဲ့အန်ဖီးလ်ခရီးစဉ်အစပိုင်းမှာ အပြုသဘောဆောင်တဲ့လက္ခဏာတွေ ရှိနေတယ်လို့ ရှင်းပြသွားခဲ့ပါတယ်။ 

ESPN ဆွေးနွေးခန်းအစီအစဉ်မှာ နီကိုးလ်က “ ဖလော်ရီယန်ဝစ်ဇ်နဲ့ပတ်သက်ပြီး အပေါင်းလက္ခဏာဆောင်တဲ့ အချက်တစ်ခုကို ပြောရမယ်ဆိုရင် ပါးစပ်မဖွာတာလို့ပဲ ပြောချင်ပါတယ်။ သူ ဘာကြောင့်မကစားနိုင်သလဲဆိုတာ သတင်းမီဒီယာတွေဆီ ဘာတစ်ခုမှ မပြောခဲ့ပါဘူး။ ဒါ့အပြင် ကျွန်တော်ပြောချင်တဲ့နောက်တစ်ချက်ကတော့ ဖလော်ရီယန်ဝစ်ဇ်ဟာ ကွင်းတွင်းရောက်နေချိန်တိုင်း ပုန်းကွယ်နေတာမျိုး အလျှဉ်းမရှိဘူးဆိုတာပဲ ဖြစ်ပါတယ်။

သူက ဘောလုံးကိုသာ အာရုံစိုက်နေပြီး စိတ်ကောက်နေတာမျိုး၊ လမ်းလျှောက်နေတာမျိုး မရှိပါဘူး။ သူကိုယ်တိုင် ပွဲစဉ်မှာ အမှန်တကယ်ပါဝင်ပတ်သက်ပြီး သူလုပ်ရမယ့်အလုပ်ကို ကြိုးစားလုပ်ဆောင်နေပါတယ်။ အခုအချိန်မှာတော့ အလုပ်မဖြစ်သေးဘူးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူ့အသက်ငယ်ရွယ်မှုကိုထောက်ရှုရင် ကလပ်အသင်းသစ်နဲ့ပတ်သက်တဲ့ အခြားအရာအားလုံးကိုလည်း ထည့်သွင်းစဉ်းစားပေးရပါမယ်။ ဒါပေမဲ့ ဖလော်ရီယန်ဝစ်ဇ် ပုန်းရှောင်နေတာမျိုး မရှိပါဘူး။ ဒါက ပရိသတ်တွေ၊ နည်းပြနဲ့ သူ့အနီးဝန်းကျင်မှာရှိနေတဲ့ အသင်းဖော်တွေအတွက် အလွန်အရေးကြီးပါတယ်”လို့ ပြောပါတယ်။