The network connection is lost.

Banner Image

ယူနိုက်တက်မှာ သူ့အတွက်အံ့အားသင့်စရာဖြစ်စေခဲ့တဲ့အချက်ကို ဖွင့်ဟလာတဲ့ လမ်မန်းစ်

ပြီးခဲ့တဲ့နွေရာသီက ဘယ်လ်ဂျီယံကလပ် အန့်တ်ဝပ်မှ မန်ချက်စတာယူနိုက်တက်သို့စတင်ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမားလေး ဆန်နီလမ်မန်းစ်က အသင်းမှာ သူ့အတွက်အံ့အားသင့်စရာကောင်းတဲ့အချက်မြင်တွေ့ခဲ့ရကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

လမ်မန်းစ်ဟာ အန့်တ်ဝပ်မှအိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ကြေး ပေါင် ၁၈.၁ သန်းနဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အန်ဒရေအိုနာနာရဲ့ထွက်ခွာမှုနဲ့ အယ်လ်တေးဘယင်ဒါရဲ့ လက်စွမ်းကျမှုတွေကြောင့် ယူနိုက်တက်ရဲ့နံပါတ် ၁ ဦးစားပေးဂိုးသမားဖြစ်လာခဲ့ပါတယ်။ 

ကမ္ဘာ့ဘောလုံးလောကမှာ ထိပ်တန်းနေရာကိုပြန်ယူဖို့အတွက် အရှိန်အဟုန်နဲ့ကြိုးစားနေတဲ့ယူနိုက်တက်အတွက် လမ်မန်းစ်ဟာ အပြုသဘောဆောင်တဲ့ ကစားသမားတစ်ဦးအဖြစ်ပါဝင်ပေးထားနိုင်ပြီး ပရိသတ်တွေရဲ့အချစ်တော်ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ ယခုအခါ ယူနိုက်တက်မှာ သူ့အတွက်အရင်းနှီးဆုံးသူကဘယ်သူလဲလို့မေးမြန်းခဲ့ရာ လမ်မန်းစ်က တစ်သင်းလုံးဟာ သူ့အတွက်သက်တောင့်သက်သာဖြစ်စေကြောင်းနဲ့ အားလုံးနဲ့ခင်မင်နေပြီဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။ 

ဘယ်လ်ဂျီသားက "ကျွန်တော့်အတွက်အရင်းနှီးဆုံးက တွမ်ဟီတန် ဒါမှမဟုတ်၊ စတုတ္ထဂိုးသမား ဒါမော့မီး တို့ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်လည်း နယ်သာလန်သားတွေနဲ့ပိုရင်းနှီးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာစကားကြောင့်ပါ။ ဒါပေမယ့် ကျွန်တော့်အတွက်အံ့အားသင့်စေခဲ့တာက ဒီအသင်းရဲ့အဝတ်လဲခန်းထဲက စည်းလုံးညီညွတ်မှုပါ။ လူတိုင်းက ကျွန်တော့်အတွက်အရမ်းကောင်းပါတယ်။ ဒါကြောင့် ကျွန်တော်နဲ့အရင်းနှီးဆုံးဆိုတာမျိုးမရှိဘဲ အားလုံးနဲ့အတူတူရင်းနှီးတယ်လို့ဖြေရမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်ဟာ ဝုဗ်ကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့မယ်ဆိုရင်တော့ အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာသို့တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဆက်လက်ပြီး လမ်မန်းစ်က "ကျွန်တော်အခု အသင်းမှာလုပ်သင့်တာကို လုပ်ထားနိုင်တယ်လို့ထင်ပါတယ်။ အသင်းကိုယုံကြည်မှုပေးနိုင်ပြီး နောက်တန်းမှာစိတ်ချရတဲ့အခြေအနေမျိုး ဖန်တီးထားနိုင်ပါတယ်။ ကျွန်တော်ပုံမှန်အတိုင်းပဲကစားပြီး ထူးခြားတဲ့ကစားပုံတွေပြလေ့မရှိပါဘူး။ ဒါက ဂိုးသမားတစ်ယောက်အတွက်ကောင်းပါတယ်။ အသင်းကကိုယ့်ကိုယ်အားကိုးလို့ရနေဖို့အဓိကပါပဲ" လို့ပြောကြားခဲ့ပါတယ်။