The network connection is lost.

Banner Image

ရာသီကုန်မှာ ယူနိုက်တက်က ချဲလ်ဆီးနဲ့ လီဗာပူးတို့ထက် အဆင့်ပိုကောင်းနိုင်တယ်လို့ ဂယ်ရီနဗီးလ် သုံးသပ်

မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က အသင်းဟာ ယခုနှစ်ရာသီကုန်မှာ ချဲလ်ဆီးနဲ့ လီဗာပူးတို့ထက် ပိုကောင်းတဲ့အဆင့်တစ်ခုမှာ ရပ်တည်နိုင်ကြောင်း သုံးသပ်ပြောကြားလာခဲ့ပါတယ်။ ယခုနှစ်ရာသီအစမှာ ရှုံးပွဲတွေမကြာခဏကြုံတွေ့ပြီး ကာရာဘောင်ဖလားပြိုင်ပွဲကို စောစောစီးစီးလက်ပြနှုတ်ဆက်ခဲ့ရတဲ့ ယူနိုက်တက်ဟာ ယခုအခါမှာတော့ အာမိုရင်ရဲ့နည်းစနစ်တွေက အလုပ်ဖြစ်လာတာကြောင့် ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက်တိုက် မရှုံးခဲ့ဘဲ ၃ ပွဲအထိ အနိုင်ရရှိထားခဲ့ပါတယ်။ 

ခြေစွမ်းပိုင်းသိသိသာသာတိုးတက်လာခဲ့တဲ့ယူနိုက်တက်ဟာ ရှုံးပွဲတွေကို ရှောင်လွှဲလာနိုင်တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှာရပ်တည်နေပြီး လက်ရှိချန်ပီယံလီဗာပူးထက်တောင် အဆင့်ပိုကောင်းနေတာဖြစ်ပါတယ်။ ယခုအခါမှာတော့ နဗီးလ်က ယူနိုက်တက်အတွက် လာမယ့်လတစ်ချို့နဲ့ ဆောင်းရာသီပွဲကျပ်ကာလက အလွန်အရေးကြီးကြောင်းနဲ့ ယခုရာသီမှာ ဥရောပပြိုင်ပွဲတွေမရှိတာကလည်း သိသာထင်ရှားတဲ့ အားသာချက်ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၄ နေရာအတွက်ယှဉ်ပြိုင်နေကြတဲ့အသင်းတွေဟာ ဆောင်းရာသီပွဲကျပ်ကာလတွေနဲ့ ဥရောပပြိုင်ပွဲတွေရှိနေကြသော်လည်း ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်ကိုသာအာရုံစိုက်ဖို့ရှိနေတာကြောင့်ဒီအချက်ကို အခွင့်အရေးယူသွားဖို့လိုအပ်နေပါတယ်။ 

တော့တင်ဟမ်နဲ့ပွဲအပြီးမှာ နဗီးလ်က "ဒီပွဲက ယူနိုက်တက်အတွက်သရေတစ်မှတ်ရခဲ့လို့ အခြေအနေကောင်းတယ်လို့ပြောရမှာပါ။ တော့တင်ဟမ်ကတော့ နောက်ဆုံးမိနစ်မှဂိုးပေးလိုက်ရလို့ စိတ်ပျက်မိပါလိမ့်မယ်။ လီဗာပူးကိုနိုင်ပြီး ပရီးမီးယားလိဂ် ၄ ပွဲမှာ ၈ မှတ်အထိရခဲ့တဲ့ယူနိုက်တက်အတွက် ဒီလက အရမ်းကောင်းတဲ့လတစ်လပါ"

"တကယ်လို့ယူနိုက်တက်အနေနဲ့ နောက်ထပ် ၃ မှတ်လောက်ထပ်ရခဲ့မယ်ဆိုရင် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာလောက်ကိုရောက်နေနိုင်ပါတယ်။ သူတို့အခွင့်အရေးတွေကို အမိအရယူနိုင်ခဲ့မယ်ဆိုရင်ပေါ့။ တော့တင်ဟမ်လည်း ဒီလိုပဲဆိုပေမယ့် သူတို့က ဥရောပပွဲစဉ်တွေရှိနေလို့ ခက်ခဲပါတယ်။ လက်ရှိအချိန်မှာ ချဲလ်ဆီးနဲ့ တော့တင်ဟမ်တို့က ထိပ်ဆုံး ၄ နေရာအတွက် မရေမရာဖြစ်နေပါတယ်။ လီဗာပူးကလည်း ဒီအတိုင်းပါပဲ။ ဒါက ဥရောပပွဲတွေမရှိတဲ့ယူနိုက်တက်အတွက် အခွင့်အရေးကောင်းတွေပါ"

"နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပွဲတွေကို ၂ လ ၃ လလောက်ဆက်တိုက်ကစားသွားရဖို့ရှိတယ်။ ဆောင်းရာသီ ပွဲကျပ်ကာလပေါ့။ ဒီလိုအချိန်မှာ အသင်းတွေက ရာသီကုန်မှာသူတို့ရပ်တည်နိုင်မယ့် အဆင့်တွေကို ကြိုမြင်နေရပါပြီ။ ဒါကြောင့်ယူနိုက်တက်မှာအခွင့်အရေးကောင်းတွေရှိနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။