The network connection is lost.

Banner Image

အီတလီအတွက် အထူးစရိုက်လက္ခဏာကောင်း လိုအပ်ခဲ့တယ်လို့ ပြောဆိုခဲ့တဲ့ နည်းပြစပယ်လက်တီ

ဂျာမနီနဲ့ သုံးဂိုးစီသရေကျကာ နှစ်ကျော့ပေါင်းရလဒ် ၅-၄ ဂိုးဖြင့် နေးရှင်းလိဂ်ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာလာခဲ့ပြီးနောက် အီတလီလက်ရွေးစင်အသင်းနည်းပြစပယ်လက်တီက သူ့ရဲ့အသင်းမှာ စရိုက်လက္ခဏာကောင်းချို့တဲ့ပြီး ကြောက်ရွံ့မှုတွေ ပြသခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့၊ မီလန်မြေမှာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိထားတဲ့ ဂျာမနီက ဒေါ့မွန်မြေ၊ ဒုတိယအကျော့ပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အပြီး သုံးဂိုးပြတ်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အီတလီက ဒုတိယပိုင်းပွဲချိန်အတွင်း သုံးဂိုးပြန်သွင်းယူကာ သရေရလဒ်တစ်ခု ဖော်ဆောင်နိုင်ခဲ့ပါတယ်။

တန်ပြန်တိုက်စစ်မှတဆင့် ပွဲချိန် ၃၆ မိနစ်မှာ ဂျာမနီအတွက် မူစီယာလာသွင်းယူခဲ့တဲ့ ဒုတိယမြောက်ဦးဆောင်ဂိုးနဲ့ပတ်သက်လို့ စပယ်လက်တီက “ အဲ့ဒီဒုတိယမြောက်ဂိုးက ကျွန်တော်တို့ကို သတ်ပစ်လိုက်သလိုပါပဲ။ ကိုယ့်အသင်းထောင့်ကန်ဘောရရှိချိန် အခုလိုတန်ပြန်တိုက်စစ် ခွင့်ပြုပေးရပြီး ဂိုးပေးလိုက်ရတာ လုံးဝအဆင်မပြေပါဘူး။ 

ကျွန်တော်က ကိုယ့်ကစားသမားတွေရဲ့ရှေ့မှာ အမြဲလိုလိုရပ်တည်ပေးပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်အတွက်တော့ အခက်အခဲရှိပါတယ်။ ပရော်ဖက်ရှင်နယ်အဆင့်အတန်းတစ်ခုမှာ အထူးစရိုက်လက္ခဏာအမျိုးအစားတစ်ခု ပြသသွားဖို့ လိုအပ်ပါတယ်။  ဒီလိုစရိုက်လက္ခဏာမျိုးကို ကျွန်တော်တို့ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းပွဲချိန်မတိုင်ခင်အထိတော့ စရိုက်လက္ခဏာကောင်းပြသနိုင်ခြင်း မရှိခဲ့ပါဘူး”လို့ ပြောပါတယ်။

အသက်-၆၆ နှစ်အရွယ်နည်းပြက သူ့အသင်းရဲ့ဒုတိယပိုင်းစွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပေမယ့် တစ်ပွဲလုံးအတိုင်းအတာဖြင့် အခုလိုစွမ်းဆောင်ရည်မျိုးပြသဖို့အရေးမှာ အီတာလျံသားတွေ အလွန်ထိတ်လန့်နေခဲ့တယ်လို့ ဆိုပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ဂျာမန်တွေက လာမယ့်ဇွန်လအတွင်း၊ အိမ်ရှင်အဖြစ် ပေါ်တူဂီနဲ့ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ယှဉ်ပြိုင်ကစားခွင့် ရရှိသွားပါတယ်။